Wednesday, November 9, 2016

NCA လက်မှတ် မထိုးထားရသေးသည့် အဖွဲ့များ တင်ပြထားသည့် အချက် ၉ ချက်အား အစိုးရဘက်မှ သဘောတူညီမှုရှိပါက NCA လက်မှတ် ထိုးမည်ဟု UNFC ထုတ်ပြန်

NCA လက်မှတ် မထိုးထားရသေးသည့် အဖွဲ့များ တင်ပြထားသည့် အချက် ၉ ချက်အား အစိုးရဘက်မှ သဘောတူညီမှုရှိပါက NCA လက်မှတ် ထိုးမည်ဟု UNFC ထုတ်ပြန်
9 November 2016
----- ----- -----
NCA လက်မှတ် မထိုးထားရသေးသည့် အဖွဲ့များ သဘောတူညီထားသည့် အချက် ၉ ချက်အား အစိုးရဘက်မှ သဘောတူညီမှုရှိပါက NCA လက်မှတ်ထိုးမည်ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ- UNFC က အဆိုပြုချက်မူကြမ်း ထုတ်ပြန်ထားချက်အရ သိရသည်။
အဆိုပါပြုချက် မူကြမ်းထဲတွင် NCA လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့် အဖွဲ့များသည် ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံ တည်ထောင် ရန် နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာ မူဘောင် ပြန်လည်သုံးသပ် ဆုံးဖြတ် အတည်ပြုရာ၌ ပါဝင်ရန် နှင့် ၂၁ ရာစုပင်လုံညီလာခံသို့ ပါဝင်တက်ရောက်ရန် အတွက် အောက်ပါအချက်များ သဘောတူညီထားကြောင်း ဆိုထားသည်။
အစိုးရ၊ တပ်မတော်မှ UNFC တင်ပြသည့် သဘောတူညီချက် ရရှိပြီးပါက တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲကြောင်း ကြေညာခြင်းကို ၂၄ နာရီအတွင်း ထုတ်ပြန်ပြီး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီဝင် အဖွဲ့ဝင် အဖွဲ့အစည်းများမှ ၄၈ နာရီအတွင်း အသီးသီး ထုတ်ပြန် မည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
သဘောတူညီချက်အရ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့် အညီ ဒီမိုကရေစီရေး အမျိုးသား၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက် အပြည့်အ၀ရှိသည့် ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံကို တည်ဆောက် သွားမည်ဖြစ်ကြောင်း ဆိုထားသည်။
နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ အဆင့်ဆင့်တွင် အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်တို့၏ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက် ကိုင် တော်လှန်ရေး အဖွဲ့အစည်းအားလုံးတို့၏ ကိုယ်စားလှယ်များနှင့် တရားဝင် နိုင်ငံရေး ပါတီ ကိုယ်စားလှယ်များ ပါဝင်စေပြီး၊ တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် အခြားပါဝင်သင့် ပါဝင်ထိုက်သည့် ကိုယ်စားလှယ်များကို ၄င်းတို့နှင့် စပ်ဆိုင်သော ကဏ္ဍများတွင်သာ ပါဝင်စေရန် ဆိုထားသည်။
၂၁ ရာစုပင်လုံညီလာခံမှ ထွက်ပေါ်လာသည့် ဆုံးဖြတ်ချက်များကို အခြေခံကာ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပါအ၀င် ဥပဒေများကို ရေးဆွဲပြဋ္ဌာန်းရေးဆိုသည်။ ဆက်လက်ပြီး နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုဆိုင်ရာ မူဘောင် အပါ အ၀င် နှစ်ဖက်လိုက်နာရမည့် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်း ကမ်းများ တပ်ပိုင်းဆိုင်ရာ ကျင့်ဝတ် (CoC)နှင့် စောင့်/ကြည့်ရေး လုပ်ငန်း လမ်းညွန်(ToR)နှင့် တပ်နေရာ ပြန်လည်နေရာချထားရေး တို့ကို ကြိုတင်သဘောတူညီမှု ရသွားရန် တင်ပြထားသည်။
ကြီးကြပ်စောင့်ကြည့်ရေး အဖွဲ့အား အစိုးရကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲံ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အများ ယုံကြည်လေးစားသော ပုဂ္ဂိုလ်များ ပါဝင်သော အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည်ရေး ကော်မတီတစ်ရပ်ကို နှစ်ဖက် သဘောတူ လက်ခံနိုင်သည့် နိုင်ငံတကာမှ အစိုးရ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသွားရန် သဘောတူညီထားချက် မူကြမ်းတွင် ပါဝင်သည်။
ဖွဲ့စည်းပြီးပါက တစ်နိုင်ငံလုံ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (NCA)နှင့် သဘောတူညီချက်ပါ လိုက်နာရမည့် တာဝန်များ၊ စည်းကမ်းချက်များနှင့် စပ်လျဉ်း၍ မပြေလည်မှု ပေါ်ပေါက်ပါက ပြည် တွင်းနှင့် နိုင်ငံတကာမှ နှစ်ဖက် သဘောတူညီသော ဥပဒေပညာရှင်များနှင့် တရားသူကြီးများ ပါဝင်သော လွတ်လပ်သည့် ဖျန်ဖြေရေး ကော်မရှင်၏ ဆုံးဖြတ်မှုခံယူရန် ဆိုထားသည်။
အပစ်ရပ်ဒေသအတွင်း ဒေသခံ ပြည်သူလူထုအပေါ် အကျိုးသက်ရောက်မှု ကြီးသော စီမံကိန်းများကို ဖော်ဆောင်ရန် ရှိပါက သဘောဝ သယံဇာတများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးအဖွဲ့ (EITI) လုပ်ထုံးလုပ်နည်းများ အတိုင်း ဒေသခံ ပြည်သူလူထုနှင့် ညှိနှိုင်းဆောင်ရွက်သွားရန်နှင့် သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတိုနှင့် ညှိနှိုင်းသဘောတူညီချက် ရယူပြီး အကောင်အထည်ဖော် ဆောင်ရွက်ရန် ဆိုထားသည်။
ဆက်လက်ပြီး နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီများကို ဤသဘောတူညီချက်အရ အစိုးရနှင့် တိုင်းရင်းသား လက်နက် ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ ညှိနှိုင်းဆောင်ရွက်ရန် ဆိုထားပြီး အဆိုပါ သဘောတူညီချက်များအား နှစ်ဖက်ညှိနှိုင်း ဆွေးနွေးသဘောတူညီမှု ရရှိသည့်နှင့် တစ်ပြိုင်နက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ သဘောတူညီချက် (NCA)ကို လက်မှတ်ရေးထိုးရန် အဆိုပါ အဆိုပြုချက်မူကြမ်းတွင် ပါရှိသည်။
အန်စီအေ အပစ်ရပ်လက်မှတ် ရေးထိုးထားခြင်း မရှိသေးသည့် အဖွဲ့များဖြင့် ဖွဲ့စည်းထားသော DPN ငြိမ်းချမ်းရေး ဆွေးနွေးမှုဆိုင်ရာ ကိုယ်စားလှယ် အဖွဲ့နှင့် အစိုးရတို့အကြား ဆွေးနွေးမှုကို ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနရုံးတွင် စတင်နေပြီဖြစ်ကြောင်းလည်း သိရသည်။
စိုင်းဟန်
The Ladies News
http://www.theladiesnewsjournal.com/…/wed-2016-11-09-1…/4150

 

No comments: