Friday, December 2, 2016

ခေတ်ကြီးကိုက

ခေတ်ကြီးကိုက...
 
ခေတ်ကြီးကိုက အဆွေးပို......
ဟိုးအဝေးက တိမ်တွေလို ပြန်စရာ အိမ်မရှိဘူး
တိုးတိုးတိတ်တိတ် ငိုကြွေး ၊ စမ်းရေလို အသံသာသာ မစီးဆင်းနိုင်ဘူး
တောကြီးမျက်မည်းထဲ ဆင်းရဲ အနာဂတ်တွေ ခြေပြတ်လက်ပြတ်
မြို့ ကြီးပြကြီးထဲ ပစ္စုပ္ပန်တွေ အတိတ်လို ပျော်ရွှင်မှုမဲ့ စိတ်ဓာတ်ကွဲအက်
အိပ်မက်ထဲထိ ဘ၀တိုက်ပွဲမှာ ငြိမ်းချမ်းရေးငတ်နေတယ်..။
 
ခေတ်ကြီးကိုက ရမ်းကားဆဲ...
အတ္တတွေ ဖက်တွယ်ထားတဲ့ ယမ်းငွေ့ တွေ မိုးတိမ်ပေါ် ခုန်တက်
ဆင်ခြင်ဥာဏ်မဲ့ မျက်စိတမှိတ် လျှပ်တပြက် မုန်တိုင်းထန်
မျှော်လင့်ခြင်းတွေ လှမ်းမှားကာ အဝေးကို မမြင်နိုင်လို့ 
အကြွေးတင်နေတဲ့ ကောင်းကင်
အသစ်စက်စက် ဘ၀ပျက်တွေ ငုံ့ ကြည့်ရင်း
တနှစ်ထက် တနှစ် ကြေကွဲခြင်း တောင်တန်းများ
အမေအိုနဲ့ ကလေးလို ကတုပ်ကျင်းထဲ ငိုကြွေးမျက်ရည်ကျနေတယ်..။
 
ခေတ်ကြီးကိုက ပျက်ဆီးဆဲ.....
အတုအယောင်ပေါတဲ့ အမှောင်ထဲက နိုးထ
လူ့ ဘောင်လှပဖို့ ရင်ကြားစေ့ရေးတွေ အိမ်မက်ထဲ တံတားထိုး
မျက်မှောင်ကြုတ် ခေတ်ဆိုးကြီးကို မဖိတ်ခေါ်လဲ ထမ်းပိုးထားရ
 စစ်တုရင်ပွဲလို နည်းဗျူဟာကို
 ဦးနှောက်ပါးပါးနဲ့  အတွေးအခေါ်များမသုံးဘဲ
အသုဘအိမ်မှာလို
နိုင်ငံရေးကို ဖဲလို လိမ်ရိုက်ချင်သူတွေများတဲ့ ပြဿနာခေတ်..။
 
ခေတ်ကြီးကိုက မရိုးမရွနဲ့ 
မတရားလူကြီးနဲ့ တရားသူကြီး ပခုံးဖက် လက်တွဲနေပုံက
ကတုံးမ ပန်းပန်ပြီး ပြုံးပြနေသလိုမျိုး
အရှုံးက နန်းမဆန်ပဲ ရုန်းထဖို လှုံ့ ဆော်နေတယ်..။
 
ခေတ်ကြီးကိုက ကိုးရိုးကားယားနဲ့ 
တသက်လုံး မုဆိုးကြီး လုပ်လာသူ
အသက်ထက်ဆုံး ဘုရားလူကြီး ဖြစ်သွားသလိုမျိုး
ပါးစပ်က ဘုရားဘုရား ၊ လက်က ကားယားကားယား
လူတကာရဲ့ အနာဂတ်ကို ပေါင်စားနေတယ်..။
 
ခေတ်ကြီးကိုက မငြိမ်မသက် ............
အိမ်မက်တွေကို ၀ီစကီအရက်နဲ့ မြည်းပြီး
ရရစားစား လက်နက်ပွဲစားတွေရဲ့ လက်ခုပ်သံကြားမှာ
 မျှော်လင့်ချက် လူ့ အသက်တွေ အသေအပျောက်များပြီး
ငါတို့ ဆန္ဒမပါပဲ ငါတို့ အနာဂတ်ကို
လက်ခုပ်ထဲကရေလို သွန်လိုသွန် မှောက်လို မှောက်လုပ်နေကြလို့ 
တောရော မြို့ ပါမကျန် တနေ့ တခြား တိုက်ပွဲတွေ အဖြစ်များနေလို့ 
တပ်မတော်ခေါင်းဆောင်နဲ့ လက်နက်ကိုင် ခေါင်းဆောင်ဆိုသူများကို
 ကောင်းဘွိုင်တွေလို
တယောက်ချင်း သေနတ်ချင်းယှဉ်ပစ်ခိုင်းရင် ကောင်းမလားလို့  စဉ်းစားနေတယ်..။့
 
ခေတ်ကြီးကိုက ကမ်းကုန်အောင်မိုက်ဆဲ..
သေနတ်တွေ ခါးကြားထိုးထားလဲ အကြောက်တရားတွေ ရှိတယ်..။
ဦးနှောက်ကို သွားကြားထိုးသလို စိတ်အမှားတွေ ထိုးကာ သန့် သန့် ရှင်းရှင်းမြင်ရမယ်..။
ဒဏ်ရာရထားတဲ့အမှန်တရားဆီ အရောက်သွားမယ်ဆိုရင်
မွန်မြတ်တဲ့ နှလုံးသားမှာ စိတ်ထားတွေ သနပ်ခါးလိမ်းထားသင့် လိမ်းထားရမယ်...။
ဆင်းရဲ ဒုက္ခကတော့ အမိမြေသာမက
ရေခြားမြေခြားအထိ ပြောက်ကြားလို အတိုက်ကောင်းတုန်း ခေတ်..။
 
အောင်ခိုင်မြင့်
၂ ဒီဇင်ဘာလ ၂၀၁၆




 

No comments: