Thursday, December 1, 2016

ငြိမ်းချမ်းအေး ● စင်ကာပူလို မဖြစ်ချင်ပါနဲ့


ငြိမ်းချမ်းအေး ● စင်ကာပူလို မဖြစ်ချင်ပါနဲ့
(မိုးမခ) ဒီဇင်ဘာ ၁၊ ၂၀၁၆

စင်ကာပူရဲ့ လက်ရှိ လွပ်လပ်ခွင့်၊ ဥပဒေဖိနှိပ်မှုနဲ့ နိုင်ငံရေးရေချိန်ကို ကျွန်တော်တို့ မြန်မာနိုင်ငံကလည်း သင်ခန်းစာယူ ဆင်ခြင်သင့်လှပါတယ်။    စင်ကာပူဆီက အတုမယူသင့်တာ၊ အတုယူသင့်တာ ခွဲခြားမြင်ကြည့်ကြဖို့ ဆော်သြသင့်ပါတယ်။

တကယ်တော့ ကျွန်တော်တို့ဆီက ပညာတတ် လူလတ်တန်းစား ပြည်တွင်း၊ ပြည်ပအဝေးရောက် နှစ်မျိုးစလုံးနဲ့ လူချမ်းသာ ရေပေါ်ဆီများရဲ့ နိုင်ငံရေး၊ လူ့အခွင့်အရေး ရေချိန်ကလည်း သိပ်နက်နက်နဲနဲတွေ လေ့လာစောင့်ကြည့်စရာမလို၊ လီကွမ်ယု အသုဘ ကြည့်ရင်ကို သိနိုင်တယ် ဆိုရမလို ဖြစ်ခဲ့ပါတယ်။  လီကွမ်ယူရဲ့ အာဏာရှင်စိတ်ဓာတ်ဝါဒကို တိုင်းပြည် ရုပ်ပိုင်းဆိုင်ရာ ဓနအင်အား ချမ်းသာဖွံ့ဖြိုးတိုးတက်တယ်ဆိုတာကို ကွက်ကြည့် အားကျ လိုလားကြောင်း လီကွမ်ယုဆုံးချိန်မှာ သိသာခဲ့ပါတယ်။

လူသားရဲ့ သဘာဝ ဗီဇတွေမှာ အိပ်စားကာမ ပြုခြင်း၊ မသေအောင် အသက်မွေးခြင်း၊ အန္တရာယ်ကို ကာကွယ်လို၊ ဘဝလုံခြုံမှုရှာလိုခြင်းတွေသက်သက်နဲ့ပဲ လူ့ဘဝကို ရှင်သန်လိုစိတ်ဖြစ်ပေါ်လောက်အောင် ကျွန်တော်တို့ စိတ်ဓာတ်တွေချွတ်ခြုံကျ ရာစုဝက်ကျော်ကြာ ဖျက်ဆီးခံခဲ့ရပါပြီ။  ကျနော်တို့ လူသားပီသမှုတရားကို မမြတ်နိုး မကိုးကွယ် ဦးထိပ် မတင်လိုလောက်အောင် အဖိနှိပ်ခံခဲ့ရလို့ အခု ပုံစံခွက်ထဲမှာ ဝမ်းနည်းဖွယ် အသားကျနေရပါပြီ။

မတရားမှုကို ဆန့်ကျင်လိုစိတ်၊ တရားမှုကို ရှာလိုစိတ်၊ အမှန်တရားကို မြတ်နိုးစိတ်၊ လူသားချင်း စာနာစိတ်၊ လူဆန်မှု ချစ်ခြင်းတရား၊ လွတ်လပ်မှုကို  အသက်ထက် ခုံမင် တောင့်တကာ ပိုင်စိုးမှုအပြည့် လူသားဂုဏ်သိက္ခာရှိရှိ ကိုယ့်ကြမ္မာကိုယ် ဖန်တီး လွတ်မြောက်လိုစိတ်၊ လွတ်မြောက်ကြောင်းတရား ရှာလိုစိတ်၊ ရုန်းကန်လိုစိတ် စတဲ့ လူသားပီသမှု တရားတွေကို နောက်တန်းပို့ချင်နေကြပါပြီ။  ပစ္စည်း ဥစ္စာ၊ ဓန ချမ်းသာရာရှာရေးကိုသာ ရှေးရှု လူသားဘဝနဲ့ အခွင့်အရေးတွေကို ချနင်းလို နေကြပါပြီ။

ရုပ်ဝတ္ထုပစ္စည်း ချမ်းသာရာရမှုကိုပဲ အထင်ကြီး လိုချင်တပ်မက်၊ စိတ်ဓာတ်တွေ မလွတ်မြောက်ချင်ကြတဲ့ အခြေအနေဆိုက် ကုန်ခဲ့ပါပြီ။  စင်ကာပူ၊ မလေးရှား ‘အာရှတန်ဖိုး’ ခေါင်းစဉ်အောက်က ဘောင်ခတ် လူ့အခွင့်အရေး၊ အနားသတ် လွတ်လပ်ခွင့်၊ ပိုင်စိုးမှုမဲ့ လူ့ဘောင်လောကကို အထင်ကြီးအားကျချင်နေကြပါပြီ။  အင်တာနက်ကလေးများ ပို သုံးလာရ၊ မိုဘိုင်းလ်ဖုန်း လေးများ လွယ်လာ၊ လူချမ်းသာတစုရဲ့ ကားသစ်ကလေးများ လမ်းပေါ်မြင်လာရရုံနဲ့ ဒီမိုကရေစီ၊ လူသားလွတ်မြောက်မှုကို ဈေးဖြတ်၊ ဈေးပေါင်ကျိုး ဖလှယ်လိုနေကြပါပြီ။  အာဏာရှင်၊ အုပ်စိုးသူ၊ ဖိနှိပ်သူ၊ ချုပ်ကိုင်သူ၊ လူနဲ့လူချင်း ဖိနှိပ်သွေးစုပ် သူတွေရဲ့ ရင်းခံအကြောင်းကို မျက်မှောက်  မပြုချင်လောက်အောင် လူဖြစ်တည်မှု အနှစ်သာရကို ပြဋ္ဌာန်လိုစိတ် မဲ့ကုန်နေ ကြပါပြီ။

တကယ်တော့ စစ်အာဏာရှင်စနစ်ကို မနှစ်မြို့ ဖယ်ရှားလိုခြင်းက အရှေ့တောင်အာရှမှာ အလားအလာ အရှိဆုံး တိုင်းပြည် အဖြစ်ကနေ စစ်တပ်က အဓမ္မ အာဏာသိမ်းပြီး နှစ်ငါးဆယ်အတွင်း ကမ္ဘာ့အဆင်းရဲဆုံး တိုင်းပြည်အဖြစ် မွဲပြာကျစေခဲ့ လို့ချည်းမဟုတ်ပါ၊ ပညာမတတ်တွေ မွေးထုတ်ခဲ့လိုချည်းမဟုတ်ပါ၊ အင်ဒိုနီးရှားမှာ ခေတ်သစ်ကျေးကျွန်ဘဝရောက်နေရရှာတဲ့ မြန်မာများ ဖြစ်စဉ်လို တိုင်းပြည်က နိုင်ငံသား တိုင်းရင်းသား လူမျိုး၊ ဘာသာစုံ နိုင်ငံတကာမှာ လူသားကို၊ သွေးသားကို ကုန်ပစ္စည်းသဖွယ် ရောင်းစားခံထိနေရလို့ချည်းမဟုတ်ပါ။

ဒါတွေအားလုံးရဲ့ ရင်းမြစ် ဖိနှိပ်မှု၊ ကိုယ်ကျိုးရှာမှု အပြည့်နဲ့ စနစ်ဆိုးအောက်မှာ နိုင်ငံသားအများစု လူအဖြစ်က ယုတ် လျော့ကျဆင်း လူ့သိက္ခာကင်းမဲ့၊ အနုသုခုမ မခံစားနိုင်၊ စာရိတ္တတရားတွေ မတည်ဆောက်နိုင်၊ အိပ်စားကာမ တိရစ္ဆာန် သာသာ ဖြစ်နေရတဲ့ ခွေးတိုးဝက်ဝင် အခြေအနေနဲ့ လူသားရဲ့ ပိုင်စိုးမှုအပြည့် လွတ်လပ်ခြင်းတရား၊ အခွင့်အရေးနဲ့ ဂုဏ်ကို ဖိနှိပ် ချုပ်ခြယ် စော်ကားနေခြင်းဆိုတဲ့ ရင်းခံအကြောင်းကြီးကို မလိုလားခြင်းကြောင့် စစ်အာဏာရှင်စနစ်၊ ဖိနှိပ်အုပ်ချုပ် စစ်တပ်လွှမ်းမိုးရေးဝါဒကို ဆန့်ကျင်နေရတာပါ။  ဒါကြောင့် စစ်ဝါဒကို ကာကွယ်တဲ့ အနာဂတ် အုပ်ချုပ်ရေး၊ နိုင်ငံရေးမှာ စစ် တပ်က ဦးဆောင်ခွင့်ကို ပြဋ္ဌာန်းနေတဲ့ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်လို၊ လွှတ်တော်မှာ စစ်ဗိုလ် မိုးကျရွှေကိုယ်တမတ်သား အခန့်သား တက်ထိုင်နေတာကို ဖယ်ရှားလိုနေခြင်းပါ။

စင်ကာပူ ဒီမိုကရေစီလောက်လည်း ရတယ်၊ လူလူသူသူနေရရင်ပြီးရော ဆိုတဲ့ အတွေးအခေါ်က တကယ်တော့ အလုပ်မဖြစ် လူလိုတကယ် ပီပီသသ နေခွင့်ရဖို့ အာမ မခံနိုင်ပါဘူး။  ရုပ်ဝတ္ထုပစ္စည်း၊ မိုးမျှော် အဆောက်အအုံ၊ နတ်ပြည်အလားထင်ရတဲ့ လေပေါ် မိုးပျံ ဥယျာဉ်တွေက ခဏကလေးနဲ့ လုပ်ယူနိုင်ပါတယ်။  လူ့အခွင့်အရေး စံချိန်မီ လူသားကို တန်ဖိုးထားမှု၊ နိုင်ငံကြီးသားကောင်း ပီသမှု၊ လူကို လူလိုထား ဆက်ဆံလိုမှုကတော့ ရေရှည် တည်ဆောက်ယူရတာပါ။  စင်ကာပူအစိုးရက ဒါတောင် လူမျိုး၊ ဘာသာ အမုန်း၊ ပဋိပက္ခတွေဟာ လူ့အဖွဲ့အစည်း တည်ငြိမ်မှုနဲ့ စီးပွားဖွံ့ဖြိုးမှုကို အကြီးအကျယ် ထိခိုက်နိုင်ကြောင်းသိလို့ လူမျိုး၊ ဘာသာ ခွဲခြားမှုကို ကင်းအောင်၊ သမမျှတနေနိုင်အောင် ဥပဒေတွေ တင်းကျပ် ဖိဖိစီးစီး လုပ်ထားတာပါ။  ဒါပေမဲ့ လူသား အခြေခံ အခွင့်အရေး၊ အလုပ်သမား အခွင့်အရေး ကတော့ နိုင်ငံတကာ မဆိုထားနဲ့ ဒေသတွင်းက ဟောင်ကောင် လောက်တောက် လိုက်မမီပါ။  စာနယ်ဇင်းဖိနှိပ်မှုဆိုရင် လက်ရှိ ကျနော်တို့ တိုင်းပြည်ထက်တောင် ဆိုးလှပါသေးတယ်။

အတိုက်အခံ နိုင်ငံရေးပါတီကို မလှန်နိုင်အောင် နှိပ်ကွပ်၊ သားစဉ်မြေးဆက်နဲ့ ကိုယ့်လူချည်း (ကိုယ့်ပါတီချည်း) အာဏာတည် အမွေခံ မင်းဆက် နိုင်ငံရေး “Political Dynasty” ထူထောင်လိုမှုကိုပဲ အဓိက ထားလိုခြင်းကနေ အရင်းတည်တဲ့ ဖိနှိပ်မှု နိုင်ငံရေးစနစ်ကနေ လူသားတန်ဖိုးတွေကိုပါ ယုတ်လျော့သွားစေ၊ (၂၁) ရာစုတန်းဝင် နိုင်ငံကြီးသားကောင်း လူကြီးလူကောင်း ပီသမှုကို ထိခိုက်သွားစေခဲ့ပါတယ်။  ဒီလိုနဲ့ နောက်ဆက်တွဲ အဖြစ် လူသားကျင့်ဝတ်တာဝန် ပျက်ယွင်းမှု၊ လူမပီသမှု ပြဿနာတွေ သူတို့လူ့အဖွဲ့အစည်းမှာ ကြီးမားလာတယ်။  တတိယနိုင်ငံကနေ ရုပ်ဝတ္ထု အခြေပြု၊ စီးပွားကို ပုံဖော်၊ ဓန ကို တည်ဆောက်ပြီး ပထမနိုင်ငံအဖြစ် အချိန်တိုအတွင်းမှာ ပြောင်းလဲ တည်ဆောက်နိုင်ခဲ့ပေမဲ့ ကျင့်ဝတ်၊ သီလ၊ စာရိတ္တ နာမ် ပိုင်းဆိုင် နိုင်ငံကြီးသား အဖြစ် ပြောင်းလဲ ဖွံ့ဖြိုးမှုနည်းမှု ပြဿနာက စင်ကာပူမှာ နက်နက်ရှိုင်းရှိုင်း ရှိနေပါတယ်။

စင်ကာပူကို အားကျ အတုယူစရာတွေ အများကြီး ရှိတာလည်း မှန်ပါတယ်။  တာဝန်ခံ၊ တာဝန်ယူ၊ တာဝန်ကျေ၊ အရည်အချင်းပြည့် ကောင်းမွန်တဲ့ စီမံခန့်ခွဲ အုပ်ချုပ်ပုံ ၊ အကျင့်ပျက်ခြစားမှုကင်းတဲ့ အစိုးရ ယန္တရား၊ စည်းကမ်း ဥပဒေ ရိုသေလေးစား လိုက်နာမှု၊ သန့်ရှင်းမှု၊ ရင်းနှီးမြှုပ်နှံ စီးပွားလုင်ငန်း  လွယ်ကူမြန်ဆန် စနစ်ကျ ကြိုးနီစနစ်ကင်းမဲ့မှု၊ လုပ်ငန်းခွင် အထောက်အကူပြု ပညာရေးစနစ် စတဲ့ ကောင်းတာတွေကို ယူရမှာ အမှန်ပါပဲ။  ဒါပေမဲ့ စင်ကာပူရဲ့ အခြား မျက်နှာစာ တဖက်မှာတော့ ဆိုခဲ့သလို အပြည့်အဝ ဒီမိုကရေစီစနစ် အလုံးစုံ မထွန်းကားခြင်းရဲ့ ရလဒ်၊ နိုင်ငံရေး အရ လွတ်လပ်တဲ့ စနစ်မဟုတ်ခြင်း အကျိုးတွေကြောင့် အားနည်းချက်တွေ အများကြီး ရှိနေတာကိုလည်း မျက်မှောက် ပြုနိုင်ရပါမယ်။   နိုင်ငံရေးသင်းကွပ်ခံနေရတဲ့ တိုင်းပြည်တခုရဲ့ လူမှု၊ စီးပွား၊ ပညာ၊ အနုသုခုမ၊ ယဉ်ကျေးမှု ကဏ္ဍာ အသီးသီးမှာ ချွတ်ယွင်းမှုတွေ အပြည့်ရှိကြောင်းကို မြင်နိုင်ရပါမယ်။

လူအများ ဖြစ်လိုကြတဲ့ စီးပွားရေး ဖွံ့ဖြိုးချမ်းသာမှု ဆက်စပ်ကိုပဲ ဥပမာ ပြု ထောက်ပြပါမယ်။  စင်ကာပူလိုပဲ မူလ အာရှ ကျား ၄ နိုင်ငံ စာရင်းဝင် ပိုမို လွတ်လပ်တဲ့ လူ့အဖွဲ့အစည်း တခု ဖြစ်တဲ့ ထိုင်ဝမ်ဟာ စွန့်ဦးတီထွင်မှု၊ ခေတ်သစ် နည်းပညာနဲ့ အိုင်ဒီယာ အခြေခံ နည်းပညာဝန်ဆောင်မှု လုပ်ငန်းတွေ၊ နည်းပညာ ထုတ်ကုန်တွေနဲ့ တိုင်းပြည်စီးပွားကို မောင်းနှင် ကမ္ဘာ့ နည်းပညာ ဈေးကွက်ထဲမှာ ဝင်ဆန့်နေနိုင်ပါတယ်။  စင်ကာပူကတော့ ခေတ်နည်းပညာ ဆန်းသစ်မှုနဲ့ အတွေးအခေါ် အခြေခံ ထုတ်ကုန် ဝန်ဆောင်နိုင်မှု အားနည်းနေဆဲ ဖြစ်ကြောင်း လက်တွေ့ နှိုင်းယှဉ် သုံးသပ်နိုင်ပါတယ်။

မဆလခေတ် နိုင်ငံခြားသား အမုန်းရောဂါ စနစ်ဒဏ်ပြင်းထန်ချိန် ပြည်ပ ထွက်ခွာခဲ့ရသူ မန္တလေးဇာတိ တရုတ်အမျိုးသား ပီတာချူး (ဦးဝင်းသန်း) တစ်ယောက် ထိုင်ဝမ်ကို မသွားဘဲ စင်ကာပူမှာသာ အခြေချခဲ့ရင် လူလည် ပွဲစား သာမန် သူဌေးတယောက်ပဲ ဖြစ်မလား၊ အခုလို စွန့်ဦးတီထွင် စိတ်ကူးစိတ်သန်း နည်းပညာ အခြေပြု HTC မိုဘိုင်းလ် ကုမ္ပဏီကို တည်ထောင်နိုင်မလားဆိုတာ အများကြီး မေးခွန်းထုတ် ဆင်ခြင်စဉ်းစားဖွယ် ရှိပါတယ်။  ကျွန်တော်တို့ တိုင်းပြည်က ကြေးရတက် လူချမ်းသာများ သူတို့ သားသမီးတွေကို အထင်တကြီးနဲ့ ငွေကုနု်ခံ ကျောင်းထားနေတဲ့ အဆင့်တန်းမီလှချည်းရဲ့ ဆိုတဲ့ စင်ကာပူပညာရေးက အတတ်ပညာ တခုခုနဲ့ ဝမ်းစာရှာ၊ ငြိမ်ဝပ်ပိပြားနေဆိုတဲ့ ရုပ်အရ ပြည့်စုံတဲ့ ‘ကျွန်ကောင်း’ တယောက်ကိုပဲ ဖြစ်ဖို့ပဲ ‘အများစု’ ‘အဓိက’ ပေးနိုင်တာပါ။  ဆန်းသစ်တဲ့စိတ်ကူးနည်းပညာဟာ ပိတ်ဆို့ထားတဲ့ လူ့အဖွဲ့အစည်းမှာ မရှင်သန် မထွန်းကား အမြင့်ဆုံး မရောက်ပါဘူး။

ဥပမာ - စင်ကာပူရဲ့ ထိပ်တန်း အမျိုးသားတက္ကသိုလ် (NUS) က ကမ္ဘာကျော် အမေရိကန် ယေးလ်တက္ကသိုလ်နဲ့ ပူးပေါင်း ကျောင်းဖွင့်နိုင်ပေမဲ့ ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ကိုကျ မပေးပါဘူး။

ဒါတွေရဲ့ အကျိုးဆက်က ခေတ်မီ အဆင်မြင့် အတတ်ပညာသင်ခွင့်ရသူချင်း အတူတူမှာ ကိုယ်ပိုင် တွေးခေါ် လွတ်လွတ်လပ်လပ် ကြံဆ လမ်းသစ်ဖောက်လိုသူတွေရဲ့ စွန့်စားဖန်တီးကာ တကိုယ်ရေကနေ လူ့အဖွဲ့အစည်းတခုလုံး၊ ကမ္ဘာကြီးတခုလုံး ပြောင်းလဲအောင်၊ ကြီးပွားအောင် ဖော်ဆောင်လိုတဲ့ စွန့်ဦးတီထွင် Entrepreneurship ဖြစ် စိတ်ကူးနည်းပညာ Innovative Technology စီးပွားလုပ်ငန်းမျိုးတွေကို လမ်းကြောင်းဖွင့်အားမပေးနိုင်ပါဘူး။  ဒီလိုကွာခြားချက်ကြောင့် ကမ္ဘာကို ပြောင်းလဲစေတဲ့ နည်းပညာနဲ့ စိတ်ကူး ဖန်တီးချပြသူတွေက လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတွေမှာသာ ပေါက်ဖွား ရှင်သန်နိုင်ကြောင်းကို တက္ကသိုလ်အဆင့် အတန်းပညာရေး မဆုံးခဲ့တဲ့ ဘီလ်ဂိတ်(စ်) (Microsoft)၊ စတိဗ်ဂျော့ဘ်(စ်) (Apple)၊ မာ့ခ်ဇူကာဘတ် (Facebook) တို့ရဲ့ နည်းပညာစိတ်ကူးသက်သက်နဲ့ ချမ်းသာကြွယ်ဝမှု တည်ဆောက်နိုင်မှု၊ လူသားအားလုံးနဲ့ ခေတ်ကြီးတခုလုံးကို ရှေ့ဆောင် အလှည့်အပြောင်းဖြစ်စေမှုက သက်သေထူနေပါတယ်။

စစ်တပိုင်း အစိုးရခေတ် သက်တမ်း တလျှောက်လုံး အစိုးရအဖွဲ့ဝင် သမ္မတ အစ၊ ဒေသဆိုင်ရာ ဝန်ကြီးအဆုံး၊ အာဏာရ၊ အတိုက်အခံ လွှတ်တော်အမတ်မင်းများ မကျန်ဟာ တိုင်းပြည်ကို စင်ကာပူလို ဖြစ်စေရမယ့် အကြောင်း အခါခါ ပြောခဲ့ကြပါတယ်။  တကယ်တော့ စင်ကာပူလိုဖြစ်အောင် အထူး လုပ်ပြနေစရာမလိုပါ။  အတိုက်အခံကို ဖိနှိပ်၊ မသေမရှင် အဖြစ် မွေးထား၊ စာနယ်ဇင်းကို ဖိနှိပ်၊ လူထုရဲ့ ပုဂ္ဂလိက လွတ်လပ်ခွင့်ကို ထိန်းချုပ်လိုခြင်း ဓလေ့တွေက စစ်အစိုးရအဆက်ဆက်နဲ့ လက်ရှိတိုင် ကျင့်သုံးနေဆဲ ဖြစ်သလို တိုင်းပြည်နစ်နာစေကြောင်းလည်း သမိုင်းသက်သေပြုပြီး ဖြစ်ပါတယ်။

တခါတလေမှာ နောက်ကျခြင်းဟာ “Blessing in Disguise” နောင်မှာကောင်းဖို့ ဖြစ်စေပါတယ်။  ကိုယ်တိုင်လည်း ဒီ လူ့အခွင့်အရေး၊ နိုင်ငံသား လွပ်လပ်ခွင့် ဖိနှိပ်ချိုးနှိမ်လိုခြင်းရဲ့ မကောင်းတဲ့ အကျိုးဆက်တွေ ဆယ်စုနှစ်များစွာ ခံစားပြီး ဖြစ်သလို စင်ကာပူလို တိုးတက်ချမ်းသာပြီး တိုင်းပြည်မျိုးမှာလည်း လူ့အဖွဲ့အစည်းရဲ့ စိတ်ဓာတ်နဲ့ လူသား ဖန်တီးမှု အရည်အသွေးပိုင်းဆိုင်ရာ အားနည်းမှုတွေ ဖြစ်စေကြောင်း သူများ အမှားကနေ သင်ခန်းစားယူနိုင်ရပါမယ်။  ကောင်းတာကိုယူ၊ မကောင်းတာကိုပယ်တတ်ရပါမယ်။

နိဂုံးချုပ်ရရင် လူ့အခွင့်အရေး ပေမီဒေါက်မီ၊ လူသားချင်း စာနာထောက်ထားစိတ် ပြည့်လျှံ၊ လွတ်လပ်မှု အတွေးအခေါ်၊ ဉာဏ်ပညာ၊ ချစ်ခြင်းတရား၊ လူသားဆန်မှုများများနဲ့ အနာဂတ် တိုင်းပြည်ကိုပဲ လိုချင်ပါတယ်။  လွပ်လပ်စွာ ဆန္ဒထုတ်ဖော် ပြောဆိုဝေဖန် ဆွေးနွေးငြင်းခုံမှုများနဲ့အတူ ပညာရပ်ဆိုင်ရာ ဆန်းသစ်တွေးခေါ်မှု အသီးအပွင့်တွေ ဝေဆာ၊  စွန့်ဦးတီထွင် ရှာဖွေဖော်ထုတ်နိုင်မှု သုတေသန အလုပ်တွေ အပြည့်၊ အနုသုခုမနဲ့ အားကစား ကဏ္ဍပေါင်းစုံ လူတမ်းစေ့တဲ့ စိတ္တ၊ ကာယ၊ ရုပ်၊ နာမ် နှလုံး အဘက်ဘက် ကုံလုံကြွယ်ဝ ရင့်ကျက် တိုးတက်မှုရှိတဲ့ နိုင်ငံကိုပဲ တည်ဆောက်ချင်ပါတယ်။  လူသားတန်ဖိုး ဖြစ်တည်မှုကို အပြည့်အဝ အသိအမှတ်ပြု ကျင့်ဝတ်၊ သိက္ခာ၊ သီလ၊ သမာဓိ၊ ပညာ ပြည့်စုံတဲ့ လူအများနဲ့ ဖွဲ့စည်းထားတဲ့ လူ့အသိုင်းအဝန်းကိုပဲ ဖန်တီးချင်ပါတယ်။  ဒီမိုကရေစီ အမည်ခံ အာဏာရှင် တပိုင်း ဖိနှိပ်မှု လူမဆန်မှု အပြည့်နဲ့ စင်ကာပူလို မဖြစ်ချင်ကြဖို့နဲ့ ဗမာပြည်က အရှေ့တောင်အာရှရဲ့ ရှေ့ဆောင် စံချိန်မီ ဒီမိုကရေစီ တိုင်းပြည်ကြီး အဖြစ် ရှေ့ကဦးဆောင် ချီတက်စေချင်ကြောင်း … ။
ငြိမ်းချမ်းအေး
(ပြန်လည်ဝေဖန်ရန်နှင့်ဆက်သွယ်ရန် - nyeinchanaye81@gmail.com )
မှတ်ချက် -- “စင်ကာပူလို မဖြစ်ချင်ပါ” ဆောင်းပါးဟောင်း ကောက်နှုတ်ချက်မူရင်း ဆောင်းပါးကို ဧရာဝတီတွင် ပုံနှိပ်ခဲ့သည်။  

 http://blog.moemaka.com/2016/12/blog-post_1.html

No comments: