Tuesday, August 13, 2013

"အိပ်မက်ကို ရုပ်ရှင်ကြည့်မိခြင်း”

 

August 12, 2013 at 11:26pm


"အိပ်မက်ကို ရုပ်ရှင်ကြည့်မိခြင်း”
 
ဘဝမှာ ပယ်ခဲ့တဲ့ လမ်းတွေရှိခဲ့သလို
သွယ်ခဲ့တဲ့ လမ်းတွေလည်းရှိခဲ့တယ်
သွယ်ခဲ့တဲ့လမ်းက ကျယ်ပြီးကြမ်းခဲ့တော့
မောလည်းမောပြီး မောလည်းမောခဲ့တယ်..
 
လူတချို့နဲ့ လမ်းမတူလို့ ကမ္ဘာခြားခဲ့ရသလို
ခရီးတူလို့ လူချင်းနီးခဲ့သူတွေလည်းရှိခဲ့ရဲ့…
 
ကိုယ့်ဆီကထွက်သွားကြတဲ့ မနက်ဖြန်တွေနဲ့
ကိုယ့်ဆီကိုဝင်လာကြတဲ့ မနက်ဖြန်တွေက
တကြိမ်တခါမှ အကွက်ကျအောင် မတီးခတ်မိကြသေးဘူး…
 
မနက်ဖြန်တိုင်းဟာ
အသက်တာကို ရန်ရှာနေတတ်တဲ့
ကိုယ်နဲ့ကျောချင်းကပ်ထားတဲ့ ရန်သူမှန်းသိရဲ့နဲ့
အဲသလို မနက်ဖြန်တွေကိုပဲ
အခွင့်ရှိတိုင်း အခွင့်ရှိသလို မျှော်တလင့်လင့်ရှိခဲ့ရဲ့…
 
လမ်းမကြီး ၄၄လမ်းကို ဖြတ်သန်းခဲ့ပြီးတဲ့ထိ
ဘဝက ဝင်္ကပါဆန်တဲ့ ပင့်ကူမျှင်တွေထဲမှာ ငြိနေဆဲပေါ့….
 
လမ်းရဲ့ ၂၅နှစ်တာ ကာလတဝိုက်မှာတော့
လေနီကြမ်းတွေက ခပ်ရမ်းရမ်းတိုက်တယ်
အလင်းရောင်တချို့နဲ့ ထောင်ဖမ်းထားတဲ့ အမှောင်ခန်းထဲကို
အမှိုက်တချို့က ကပိုကရို ကတိုက်ကရိုက် ပြေးဝင်လိုက်သွားတယ်…..
 
သာသာယာယာ တိမ်တိုက်တချို့ရဲ့ နေ့တချို့ဟာ
မိုင်တိုင်မရှိတဲ့ လမ်းချိုးကို ကွေ့ဝင်သွားတယ်….
 
လူချင်းနီးလို့ လမ်းချင်းတူခဲ့သူတချို့နဲ့
တဦးနဲ့ တယောက်ကြားမှာ ဝေဝေဝါးဝါးကြီးတွေခြားလို့
ဝိုးတဝါး တိတ်တဆိတ် အိပ်မက်ဟာ
တိမ်ထူထပ်တဲ့ မနက်မှသည် ကြယ်မစုံတဲ့ ညတွေဆီအထိပေါ့….
 
လေမနှင်ပဲ လွင့်ပါးသွားတဲ့ ဦးတည်ရာကို
တောင် မြောက် အထက် အောက် စုန်ရင်း ဆန်ရင်း
ကြီးပြင်းမှုဟာ လေဟာနယ်ထဲ ပုခက်လွှဲနေသလိုလို…
 
ဒီလိုနဲ့…အဆင်မသင့်တဲ့ ညနေတို့
အစပ်အဟပ်မတည့်တဲ့ ပင်လယ်ဆီကိုပျံဝဲရင်း အိုခဲ့ပြန်ပြီ…
 
ရွာရန်ရာနှုန်းကတော့
တရက်မှ စိတ်ထင်တိုင်းမပြည့်ခဲ့ဘူး
ဟူး…မောတယ်လို့ပြောရမှာကိုတောင် မောနေတယ်…။ 
 
ဆောင်းယွန်းလ         

No comments:

Post a Comment