အမေစု ကိုယ်တိုင် ရေးသားခဲ့တဲ့
"ဇူလိုင်လ"
20 July 2018

///////////////////////////////////////////////////////////////////////////////
အမေ့ရဲ့ ကမ္ဘာကျော်စာအုပ်ဖြစ်သော(Letter from Burma စာအုပ်မှ)
မြန်မာနိုင်ငံအတွက်လည်း သမိုင်းတွင်မည့် အမှတ်တရအောက်မေ့ဖွယ်နေ့ရက်များသည်
ဇူလိုင်လထဲ၌ပင် ဖြစ်ပွားခဲ့ကြပေသည်။
၁၉၄၇ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့တွင် အတွင်းဝန်ရုံးများတွင် ကက်ဘိနက်အစည်းအဝေး
ကျင်းပနေကြသော ကျမဖေဖေနှင့် အပေါင်းပါများအား လူမသမာတို့က ရက်ရက်စက်စက်
လုပ်ကြံသတ်ဖြတ်ခဲ့ကြလေသည်။
လွတ်လပ်သော ဒီမိုကရေစီမြန်မာနိုင်ငံအဖြစ်ကြေညာရန် ၆လလောက်သာ လိုတော့သော အချိန်တွင်ဖြစ်လေသည်။
ထိုနေ့က ကက်ဘိနက်အစည်းအဝေး ကျင်းပနေသော ရုံးခန်းထဲသို့ အစိမ်းရောင်ယူနီဖောင်းများ
ဝတ်ဆင်ထားကြသော လူသတ်သမားလေးယောက်က ရုတ်တရက်ဝင်လာကြပြီး သူတို့လက်ထဲတွင်
အသင့်ယူဆောင်လာကြသော စက်သေနတ်များဖြင့် တရစပ်ပစ်ခတ်ခဲ့ကြသောကြောင့် ကျမဖေဖေအပါအဝင် ဝန်ကြီး၇ဦးနှင့် အခြားအရာရှိ ၂ဦးတို့ ကျဆုံးသွားခဲ့ကြရလေသည်။
လွတ်လပ်သောမြန်မာနိုင်ငံဖြစ်လာသည့်အခါ တိုင်းပြည်တိုးတက်ရေးအတွက် စီမံကိန်းများကို
အချိန်ယူရေးဆွဲ နေခဲ့ကြသော နိုင်ငံခေါင်းဆောင်များခမျာ မိနစ်ပိုင်းအနည်းငယ်အတွင်းမှာပင်
ကွယ်လွန်သွားခဲ့ကြရရှာလေတော့သည်။
လူသတ်မှုကို ကျူးလွန်ခဲ့ကြသူများမှာ နိုင်ငံရေးသမားဟောင်းကြီး ဂဠုန်ဦးစောခေါင်းဆောင်သည့်
လူအုပ်စုတို့ဖြစ်ကြလေသည်။ သူတို့က နိုင်ငံရေးအာဏာကို ရွေးကောက်ပွဲမဲပုံးမှတစ်ဆင့်
ရယူရန်မကြိုးစားဘဲ လက်နက်အားကိုးသည့် အကြမ်းဖက်ပုံစံဖြင့် ကြိုးပမ်းခဲ့ကြခြင်းပင် ဖြစ်လေသည်။
ဦးစောသည် ကျမဖေဖေတို့ ဦးဆောင်သော ဖဆပလ (ဖက်ဆစ်ဆန့်ကျင်ရေးနှင့်
ပြည်သူ့လွတ်လပ်ရေး) ပါတီက ၁၉၄၇ခုနှစ် ဧပြီလတွင် ကျင်းပခဲ့သောရွေးကောက်ပွဲတွင်
မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်ကို မကျေနပ်သည့်အတွက် ရွေးကောက်ပွဲအား
သပိတ်မှောက်ခဲ့သူ ဖြစ်ပေသည်။
ကျမဖေဖေတို့ မရှိတော့လျှင် သူတို့အုပ်စု အာဏာရလိမ့်မည်ဟု ဦးစောတို့ကွဲမှားစွာယူဆခဲ့ကြလေသည်။
သို့ပါသော်လည်း တစ်ဗိုလ်ကျ တစ်ဗိုလ်တက်ဆိုသကဲ့သို့ ဖဆပလပါတီ၏
ဝါရင့်ခေါင်းဆောင် တစ်ဦးဖြစ်သော ဦးနုက ဆက်လက်ဦးဆောင်၍ မြန်မာနိုင်ငံအား
လွတ်လပ်ပြီးအချုပ်အခြာအာဏာပိုင်သော နိုင်ငံတစ်နိုင်ငံဖြစ်လာအောင် ကြိုးပမ်းခဲ့ကြသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ၁၄နှစ်အကြာ ၁၉၆၂ခုနှစ် မတ်လတွင်
ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သော တော်လှန်ရေးကောင်စီက အများဆန္ဒအရ
ရွေးကောက်တင်မြှောက်ထားသော အစိုးရလက်ထဲမှ အာဏာကိုသိမ်းယူလိုက်သည့်
သမိုင်းတွင်မည့် အဖြစ်အပျက်ကြီးတစ်ခုက ထပ်မံဖြစ်ပွားလာခဲ့ပြန်လေသည်။
ထိုအခါ သမိုင်းအစဉ်အဆက် တိုင်းပြည်လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသော ရန်ကုန်တက္ကသိုလ်မှ
ကျောင်းသားထုကြီးတစ်ရပ်လုံးက မခံမရပ်နိုင်အောင် ဖြစ်လာခဲ့ကြလေတော့သည်။
သို့နှင့် တော်လှန်ရေးကောင်စီက တက္ကသိုလ်ဥပဒေကို ပြင်ဆင်ပြဌာန်းလာသည်ကို
မကျေနပ်ကြသည့် ကျောင်းသားများက သပိတ်တိုက်ပွဲကို စတင်ဆင်နွှဲလာကြလေတော့သည်။
ထိုအချိန်မှစပြီး ရန်ကုန်တက္ကသိုလ် ပရဝုဏ်အတွင်းတွင် စိုးရိမ်ထိတ်လန့်ဖွယ်ရာ
အနံ့အသက်များက ပျံ့နှံ့လာခဲ့လေတော့သည်။
ဇူလိုင်လ၇ရက်နေ့သို့ ရောက်လာသည့်အခါ အထက်မှ ပစ်ခွင့်ကျလာသည်နှင့်
လက်မရွံ့သေနတ်သမားများက လက်နက်ဆို၍ တုတ်တိုတစ်ချောင်းတောင်
မကိုင်ဆောင်ဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသော ကျောင်းသားအုပ်ကြီးအတွင်းသို့
စက်သေနတ်များဖြင့် စိမ်ပြေနပြေ တရစပ် ပစ်ခတ်ခဲ့ကြလေတော့သည်။
ထိုစဉ်က ကျဆုံးသွားခဲ့ကြသော ကျောင်းသားအရေအတွက်နှင့် အခြေအနေတို့နှင့် ပတ်သက်ပြီး
ယနေ့ထက်တိုင် အငြင်းပွားနေကြဆဲပင် ရှိလေသည်။ အစိုးရဘက်မှ မိမိတို့ထိန်းထိန်းသိမ်းသိမ်း
ပစ်ခတ်ခဲ့သောကြောင့် ကျောင်းသား ၁၆ယောက်သာ သေဆုံးခဲ့ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့လေသည်။
နောက်တစ်နေ့ နံနက်ပိုင်းတွင်ကား မြန်မာနိုင်ငံအတွက် ကြေကွဲစရာအကောင်းဆုံး
ဇာတ်လမ်းတစ်ပုဒ်က ထပ်ဆင့်ဖြစ်ပေါ်လာခဲ့လေသည်။ ကျောင်းသားထုတစ်ရပ်လုံးက လွတ်လပ်ရေးတိုက်ပွဲတွင် နိုင်ငံရေးစင်မြင့်သဖွယ် အမြတ်တနိုးအသုံးပြုခဲ့ကြသော
ကျောင်းသားသမဂ္ဂအဆော်ကအဦကြီးအား အစိုးရက ဒိုင်းနမိုက်ဖောက်ခွဲကာ
ဖြိုချလိုက်ကြခြင်းပင် ဖြစ်လေသည်။ ဝုန်းဆိုသော အသံကြီးနှင့်အတူ ခန့်ညားလှသည့်
သမဂ္ဂအဆောက်အဦကြီးတစ်ခုလုံးမှာ ဧရာမအုတ်ခဲပုံကြီးအဖြစ်သို့
ပြောင်းလဲသွားခဲ့ရှာလေတော့သည်။
ထိုစဉ်ကျောင်းသားအများအပြား သမဂ္ဂအဆောက်အဦကြီးအတွင်းတွင်
စုဝေးခိုလှုံနေခဲ့ကြလေရာ သူတို့အားလုံးဘဝများသည် အဆောက်အဦကြီးနှင့်အတူ
နိဂုံးချုပ်သွားခဲ့ကြရ ရှာလေတော့သည်။
သို့နှင့် သမဂ္ဂအဆောက်အဦကြီးကို ဖြိုချလိုက်ပြီး ၂၆နှစ်အကြာတွင် ကျောင်းသားထုတစ်ရပ်လုံးက
တစ်ပြည်လုံးမှ ပြည်သူလူထုကြီးနှင့်အတူ လက်တွဲကာ သပိတ်တိုက်ပွဲကို
စတင်ဆင်နွှဲလာကြလေတော့သည်။
ကျောင်းသားထုတစ်ရပ်လုံး၏ လှုပ်ရှားမှုကြီးကြောင့် မြန်မာနိုင်ငံအား ရာစုနှစ်လေးပုံတစ်ပုံမျှ
တစ်ပါတီအာဏာရှင်စနစ်ဖြင့် စိုးမိုးခြယ်လှယ်လာခဲ့သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလည်း
အရေးပေါ်ပါတီညီလာခံကို ၁၉၈၈ခုနှစ် ဇူလိုင်လ ၂၃ရက်နေ့တွင်
ခေါ်ယူကျင်းပခဲ့ကြရလေတော့သည်။
ထိုညီလာခံသည် ပြည်သူလူထုတစ်ရပ်လုံးအား ဗိုလ်ကျစိုးမိုးလာခဲ့သည့် တစ်ပါတီစနစ်အား
အပြီးတိုင်မြေမြှုပ်သုတ်သင်မည့် ပမာဏတေးဖြစ်သောမျောက်မင်းအူသံကြီးပင် ဖြစ်လေသည်။
ထိုမျောက်မင်းအူသံကြီးမှာ တစ်ပြည်လုံးသိမ့်သိမ့်ခါအောင် ပျံ့နှံ့ကာ တုန်ခါသွားစေလေတော့သည်။
ထိုညီလာခံကြီးတွင် မဆလဥက္ကဌ ဦးနေဝင်းလည်း
နှုတ်ထွက်သွားခဲ့ပြီး ထိုညီလာခံမှတစ်ဆင့် တစ်တိုင်းပြည်လုံးအား တစ်ပါတီစနစ်နှင့်
ပါတီစုံဒီမိုကရေစီစနစ်နှစ်ခုတွင် မည်သည့်စနစ်ကို ကြိုက်နှစ်သက်သည်ကို
ပြည်သူတို့အားရွေးချယ်ခိုင်းရန် ညွှန်ကြားခဲ့လေသည်။
သို့ပါသော်လည်း ဦးနေဝင်း၏နောက်လိုက်များက တစ်ပါတီစနစ်ကို အတင်းဖိအားပေးကာ
အသက်သွင်းရန် ကြိုးပမ်းလာသည့်အတွက် တိုင်းပြည်တစ်ဝှမ်းလုံးရှိ ပြည်သူအားလုံးက
သမိုင်းတွင်မည့် သပိတ်တိုက်ပွဲကြီးကို ခြိမ့်ခြိမ့်သဲဆင်နွှဲကာ ဒီမိုကရေစီပြည်ဖုံးကားကြီးအား
စတင်ဖွင့်ဟခဲ့ကြလေတော့သည်။
ဇူလိုင်လသည် ကျမတစ်ဦးချင်းအတွက်လည်း အလွန်ဗျာများခဲ့ရသောလပင် ဖြစ်လေသည်။
အာဏာပိုင်များက ကျမကို နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးခဲ့ခြင်းမှာ
၁၉၈၉ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် ဖြစ်လေသည်။
ထိုနေ့မတိုင်မီ တစ်ရက်အလိုတွင် အိမ်နီးနားချင်းများက ကျမ၏ခြံဝန်းရှေ့ ကားလမ်းပေါ်တွင်
စစ်ကားများ ဥဒဟိုပြေးလွှားနေကြကြောင်း လာရောက်အသိပေးကြလေသည်။
မကြာခင်မှာပင် ဦးတင်ဦး၏သားက ကားဖြင့်ရောက်လာပြီး သူတို့၏နေအိမ်ကိုလည်း
စစ်ကားများက ဝိုင်းထားကြပြီး သူ့ဖခင်ကြီး၏ အပြင်ထွက်လမ်းလျှောက်ခွင့်ကို
ပိတ်ပင်လိုက်ကြကြောင်း အကြောင်းကြားလာခဲ့လေသည်။ ထိုအချိန်သည် ဦးတင်ဦးအား
၆နှစ်ကျော်ကြာအောင် နေအိမ်တွင် အကျယ်ချုပ်ချလိုက်ခြင်းအတွက် နိဒါန်းအစပင် ဖြစ်လေသည်။
သို့နှင့် ကျမနေအိမ်အကျယ်ချုပ်မှ စတင်လွတ်မြောက်လာခြင်းမှာလည်း
လွန်ခဲ့သော ဇူလိုင်လ ၁၀ ရက်နေ့ပင် ဖြစ်နေပြန်လေသည်။
ထိုနေ့ညနေမှာပင် ကျမသည် ဦးအောင်ရွှေ၊ ဦးကြည်မောင်၊ ဦးတင်ဦးတို့နှင့်
ကျမအိမ်တွင် တွေ့ဆုံတိုင်ပင်ကြပြီးနောက် လွန်ခဲ့သည့် ၆ နှစ်က မပြီးဆုံးသေးဘဲ
ရပ်ထားခဲ့ကြသည့် ကျမတို့၏ လှုပ်ရှားမှုများကို ဆက်လက်လှုပ်ရှားရန် ဆုံးဖြတ်ခဲ့ကြပေသည်။
ကျမ မှတ်မိသမျှ ထိုနေ့သည် လွန်စွာဆိတ်ငြိမ်လှသော နေ့တစ်နေ့ဖြစ်သကဲ့သို့
သမိုင်းတွင်မည့် ထူးခြားသည့် နေ့တစ်နေ့လည်း ဖြစ်ခဲ့ပေသည်။
ဒေါ်အောင်ဆန်းစုကြည်
(ဗမာပြည်မှပေးစာများ)
Maung Tun Wai
Ven Pinnyarvamsa
Photo Thein Hein

No comments:
Post a Comment