Thursday, August 9, 2012

အရေးတော်ပုံတခုရဲ့ ဂုဏ်သိက္ခာ

အရေးတော်ပုံတခုရဲ့ ဂုဏ်သိက္ခာ

by Aung Moe Win on Wednesday, August 8, 2012 at 10:01pm ·

၈၈ အရေးတော်ပုံနှစ်ပတ်လည်နေ့ကို ရောက်ခဲ့ပြန်ပြီ။ ပြည်တွင်းပြည်ပမှာ လူစုံတက်စုံ ပြန်လှုပ်ရှားနေကြပြီဆိုတော့ တချို့ကိစ္စတွေကို ပွင့်ပွင့်လင်းလင်းပြောဖို့လိုလာပါတယ်။

ပြည်တော်ပြန်ရေးမပြန်ရေး ကိစ္စ

ခုတလော ပြည်တော်ပြန်ဝင်ဖို့ ရွပိုးထိုးနေတဲ့ ကျောင်းသားတချို့ကို တွေ့ရတယ်။ “ ပြည်သူတွေရဲ့ အကျိုးစီးပွားကိုကြည့်ပြီး စစ်အစိုးရကို ဘယ်လိုတောင်းပန်ရ တောင်းပန်ရ ပြန်ဝင်မယ်” ဆိုပဲ။  တခါတုံးက “နေဝင်း၊ စိန်လွင် ရဲ့ ခေါင်းနှစ်လုံးကို ငါတို့ကျောင်းရှေ့က ခြင်္သေ့ကြီး နှစ်ကောင်ရှေ့မှာ ယူလာနိုင်မဲ့နေ့ ငါပြန်လာခဲ့မယ်” ဆိုတဲ့ စကားတွေလည်း မေ့သွားပြီ ထင်ပါရဲ့။ ဗမာပြည်ပြန်ရောက်ရင် အမှိုက်ကောက်မယ် ပြောလို့လည်း ပြောရဲ့။ ( ကိုယ့်ဘာသာ ကောက်မိပြီး အမှိုက်ပုံးထဲ ရောက်နေပါအုံးမယ်။ ကြည့်လုပ်ပါအုံး) ရှစ်လေးလုံးအရေးတော်ပုံ စိတ်ဓါတ်ဆိုတာ အဲ့သလောက်တော့ ဈေးမပေါသေးဘူး။ ကိုယ့်ဘာသာ ကိုယ်ကျင့်တရားမကောင်းလို့ ရာဇဝတ်မှုတွေကျူးလွန်ထားလို့ အစိုးရကိုတောင်းပန်ပြီး ပြန်မယ်ဆိုလည်း ပြန်ကြပေါ့။ အမေရိကားမှာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ဘယ်လိုရပ်တည်ရမှန်းမသိတဲ့ ကျောင်းသားတချို့က ပြည်သူတွေအတွက် လုပ်ပေးနိုင်တာဆိုလို့ အစိုးရအဖွဲ့မဟုတ်သော အဖွဲ့အစည်း ( NGOs) ဖွဲ့ပြီး တောင်းစားတဲ့အလုပ်က လွဲလို့ ဘာမှ လုပ်တတ်မည်မထင်ပါ။  သူတောင်းစားမျိုးဆက်မဖြစ်ဖို့ပဲလိုပါတယ်။ သူများနိုင်ငံမှာ ပညာရေး၊ စီးပွားရေးလည်း မအောင်မြင်၊ နိုင်ငံရေးလည်း စင်ပျောက်နေတာကြောင့်  အကြောင်းအမျိုးမျိုးရှာပြီး အိမ်ပြန်ဖို့ကြိုးစားနေတာတွေကို နားလည်ပေးလို့ရပါတယ်။ ဒါပေမဲ့ ရိုးသားတဲ့ပြည်သူတွေကို အသုံးချပြီး ရှစ်လေးလုံးမျိုးဆက်ကို သူတောင်းစားမျိုးဆက်အဖြစ်ပြောင်းလဲပစ်မဲ့ လုပ်ရပ်တွေ၊ အရှက်ကင်းမဲ့မှုတွေ ကိုတော့ လက်ခံလို့မရပါ။  မည်သူ့ကိုမှလည်း ကိုယ်စားမပြုပါ။

ဒါပေမဲ့ ဒီလိုအရည်အချင်းနဲ့ ပြည်တော်ဝင်ဖို့ကြိုးစားနေသူတွေရဲ့ လုပ်ရပ်ကိုကြည့်ပြီး “ မင်းတို့ ပြည်ပက ကျောင်းသားတွေက ဒီလိုပဲလား” လို့  စိတ်မပျက်စေချင်ပါ။ အထက်မှာ မိတ်ဆက်ခဲ့သလိုပါပဲ၊ ပြည်ပမှာ အရေးတော်ပုံအပေါ် ဂုဏ်သိက္ခာရှိရှိ ရပ်နေသူတွေ၊ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး ပြည်တွင်းလှုပ်ရှားမှုကို ရိုးရိုးသားသား ပံ့ပိုးကူညီနေသူတွေ အများကြီးပါ။  ဒီလူတွေဟာ ဒီမိုကရေစီရေးပြောင်းလဲမှုတွေ လက်ဆုပ်လက်ကိုင် မခံစားသေးသရွေ့ ဆက်လက်လှုပ်ရှားနေကြအုံးမှာဖြစ်တယ်။
အနှစ် (၂၀) ကျော်အတွင်းမှာ အကျဉ်းထောင် နဲ့ ငှက်ဖျားတော ကို ဖြတ်သူဖြတ်၊ ဝရမ်းပြေးဘဝ၊ နိုင်ငံရပ်ခြား သူစိမ်းတရံတွေကြားက ရက်များ------ အတွေ့အကြုံအမျိုးမျိုး၊ ခံစားမှုအမျိုးမျိုး နဲ့ရှုမြင်ပုံအမျိုးမျိုးကွာခြားနေကြမှာ အမှန်ပါ။ ကျနော်ကတော့ ကျနော်မြင်တဲ့အမြင်လေးကို လွတ်လပ်တဲ့အာရှအသံ ( RFA) ရဲ့ သြဂတ်စ်လ (၇) ရက်နေ့ညပိုင်းအစီအစဉ်မှာ တင်ပြထားပါတယ်။

သောတရှင်များခင်ဗျား
၁၉၈၈ သြဂတ်လ (၈) ရက် လူထုအုံကြွမှု နှစ်ပတ်လည်နေ့ကို ရောက်ရှိလာခဲ့ပါပြီ။ ပြည်တွင်းပြည်ပမှာ အရေးတော်ပုံ အောက်မေ့ဘွယ်အခမ်းအနားတွေကို ကျင်းပ၊ ဂုဏ်ပြုကြဖို့အတွက် ပြင်ဆင်နေကြတာကို တွေ့ကြရပါလိမ့်မယ်။ ဒါပေမဲ့ ဒီတခါ ကျင်းပကြမဲ့ အရေးတော်ပုံ ဂုဏ်ပြုပွဲတွေဟာ ခါတိုင်းနှစ်တွေထက် ပိုထူးခြားလိမ့်မယ် လို့ မျှော်လင့်နေသူတွေ ရှိနေကြပါတယ်။ အရေးတော်ပုံတခု ပေါ်ပေါက်လာရတဲ့ အကြောင်းရင်းနဲ့ စတေးခံခဲ့ရတဲ့ လူတွေကို ဂုဏ်ပြုပြောပြကြဖို့လိုသလို၊ အရေးတော်ပုံတခုဖြတ်သန်းခဲ့ရတဲ့ ဒဏ်ရာတွေ၊ အောင်မြင်မှုတွေ၊ သတိထားစရာ သင်ခန်းစာတွေ၊ လက်ဆင့်ကမ်းသယ်ဆောင်ကြရမဲ့ တာဝန်တွေကိုလည်း အသေအချာဆွေးနွေးကြရမှာ အမှန်ပါ။

“ လွန်ခဲ့တဲ့ အနှစ် (၂၀) ကျော်က ဖြစ်ပျက်ခဲ့တဲ့ လှုပ်ရှားမှုတွေ၊ အဖွဲ့အစည်းတွေရဲ့ လက်ရှိအနေအထားတွေ၊ နိုင်ငံရေးအခင်းအကျင်းတွေကို ပြန်ပြီး ကြည့်လိုက်မယ် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာကို တွေ့ရမယ်။ စစ်အာဏာသိမ်းအစိုးရက အရေးတော်ပုံကြီးကို အကြမ်းဖက်ဖြိုခွဲလိုက်တဲ့အခါမှာတော့ ကျောင်းသားပြည်သူတွေ ထောင်ပေါင်းများစွာဟာ ငှက်ဖျားတောတွေ နဲ့ အန္တရာယ်များလှတဲ့ လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွဲဖို့အတွက် သူတို့ဘဝတွေကို စတေးလိုက်ကြတယ်။ ပညာတတ်အများစုဟာ စာသင်ခန်းတွေ၊ အသက်မွေးဝမ်းကျောင်းမှုအလုပ်တွေကို စွန့်လွှတ်လိုက်ကြပြီး နိုင်ငံရေးသမား၊ တော်လှန်ရေးသမားအဖြစ်ခံယူကာ တိုင်းရင်းသားနယ်မြေတွေဆီကို ထွက်ခွာခဲ့ကြတယ်”

မြေပေါ်နိုင်ငံရေးမှာတော့ မတရားတဲ့အမိန့်အာဏာတွေကို ဖီဆန်ကြတဲ့ လှုပ်ရှားမှုတွေက ဆက်လက်တည်ရှိခဲ့သလို၊ အစိုးရရဲ့ ရက်ရက်စက်စက်ဖြိုခွဲမှုတွေကြောင့် အကျဉ်းထောင်နံရံတွေနဲ့ မိသားစုဘဝပျက်မှုတွေကို နင့်နင့်သီးသီးခံစားလိုက်ကြပါတော့တယ်။

“ ပြဿနာက ကျနော်တို့တတွေဟာ တယောက်ဒဏ်ရာကို တယောက်နားမလည်နိုင်ကြဘူး  ဖြစ်နေတယ်။ ကျနော်တို့တတွေကလက်နက်ကိုင်တော်လှန်ရေးဆင်နွဲဖို့အတွက် နယ်စပ်ဒေသ ကို ထွက်ခွာလာချိန်မှာ၊ စစ်အစိုးရရဲ့ ဗမာလူမျိုးကြီးဝါဒကို ဆယ်စုနှစ်ပေါင်းများစွာ ဆန့်ကျင်အန်တုရင်း လွတ်မြောက်ရေးတိုက်ပွဲကို ဆင်နွဲခဲ့ကြတဲ့၊ တိုင်းရင်းသား လက်နက်ကိုင်တချို့ဟာ အစိုးရနဲ့  ၁၉၉၀-၉၂ ကာလတွေမှာ ငြိမ်းချမ်းရေးသဘောတူညီမှုတွေ လုပ်သွားတယ်။ သူတို့ရဲ့အယူအဆ ကတော့ စစ်တိုက်နေရင် နှစ်ဘက်လုံး အသေအပျောက်များတယ်။ စီးပွားရေးထိုးစစ်နဲ့ ချရမယ် လို့ စိတ်ကူးခဲ့ကြတယ်။”

၁၉၉၀ ကာလတွေဟာ နိုင်ငံရေးကို ရင်ခုန်စိတ်ဝင်စားသူ လူငယ်တွေအတွက် အသဲကွဲဆုံးနှစ်ကာလတွေပဲ ဖြစ်ပါလိမ့်မယ်။ ဒီမိုကရေစီရေးကြွေးကြော်သံတွေနဲ့ တောက်ပခဲ့တဲ့ ရန်ကုန်၊ မန္တလေး မြို့တော်ကြီးတွေမှာတော့ စစ်ခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေးအဖွဲ့တချို့ရဲ့ စီးပွားရေးအပေးအယူလုပ်မှုခြေလှမ်းတွေ ၊ အင်္ဂလန်ရဲ့နွေဦး အဆောက်အဦတွေလို တိုက်တာ၊ ခြံမြေတွေက လျှပ်ပေါ်လော်လီစွာ နေရာယူခဲ့ပါတယ်။ ဒီမိုကရေစီရေးလှုပ်ရှားသူတွေကတော့ မိသားစုပျက်၊ စီးပွားပျက်၊ အိပ်မက်တွေ ရိုက်အချိုးခံရပြီး၊ မြို့တော်တွေကို စွန့်ခွာလိုက်ရပြီး အသက်ကို ခဲရခဲဆစ်ရှုသွင်းခဲ့ရတယ်။

တကယ်တော့ စစ်အာဏာသိမ်းအစိုးရဟာ သူတို့ရဲ့ သံတမန်ရေးရာ နဲ့ မဟာဗျူဟာ အားလုံးကို စစ်ရေးအမြင်အပေါ်သာ သုံးသပ်ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုကို စတင်ချိန်တုံးက သူတို့ဟာ အင်အားကြီးမားတဲ့ ဗကပ နဲ့ ကေအင်ယူ လို အဖွဲ့အစည်းတွေကို အပြင်းအထန်  ထိုးစစ်ဆင်ခဲ့ပါတယ်။ မြေပေါ်လှုပ်ရှားမှုမှာ အဓိက အားကောင်းခိုင်မာတဲ့ ကျောင်းသားသမဂ္ဂအပါအဝင် ခေတ်အဆက်ဆက်မှာ အာဏာရှင်စံနစ်ကို ပြတ်ပြတ်သားသားတိုက်ပွဲဝင်ခဲ့တဲ့ နိုင်ငံရေးသမားအားလုံးကို ချေမှုန်းဖို့ ကြိုးစားခဲ့ပါတယ်။

“ စစ်အာဏာသိမ်းအစိုးရရော၊ စစ်အစိုးရ နဲ့ ငြိမ်းချမ်းရေးလုပ်ခဲ့ဘူးတဲ့အဖွဲ့တွေရော သူတို့        မျှော်လင့်ထားသလို မျိုးမဖြစ်ခဲ့ကြဘူးလေ။ စစ်အစိုးရရဲ့ ဖိနှိပ်မှုများလာလေလေ၊ နယ်စပ်ဒေသမှာ ဒုက္ခသည်တွေများလာလေလေ ဖြစ်ခဲ့တယ်။ တော်လှန်ပုန်ကန်ချင်တဲ့သူတွေကလည်း မိမိတိုင်းပြည်က ထွက်ခွာခဲ့ရပေမဲ့ ရောက်တဲ့နိုင်ငံတိုင်းမှာ ဗမာပြည်ဒီမိုကရေစီကို ဆက်လုပ်ခဲ့ကြတယ်။ ပြည်တွင်းမှာ ထောင်ကျနှိပ်စက်ခံနေရတဲ့ ရဲဘော်တွေကို ကမ္ဘာက သိအောင် ဆက်လက်တိုက်ပွဲဝင်ခဲ့ကြတယ်။ ဒါကြောင့်လည်း မြန်မာစစ်အစိုးရဟာ နိုင်ငံတကာမှာ အရှက်ကွဲပြီး လူတောမတိုးအောင်ဖြစ်ခဲ့ရတယ်။ တဘက်မှာတော့ အစိုးရကို စီးပွားရေးထိုးစစ်နဲ့ချမယ် လို့ စိတ်ကူးခဲ့တဲ့  တိုင်းရင်းသား လက်နက်ကိုင်တပ်တွေဟာ အစိုးရရဲ့ စီးပွားရေးထိုးစစ်အောက်မှာ အလူးအလိမ့်ခံလိုက်ရတယ်။ စစ်အစိုးရဟာ သူတို့နယ်မြေအတွင်းက ကျောက်စိမ်းတွင်းတွေအပါအဝင်၊ စီးပွားရေးကွန်ယက်တွေကို လှလှပပချုပ်ကိုင်ထားလိုက်ကြတယ်။ သိတ်မကြာခင်မှာပဲ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး ကမ်းလှမ်းချက်နဲ့အတူ  စစ်ခေါင်းဆောင်တွေ လွှမ်းမိုးထားတဲ့၂၀၀၈ အခြေခံဥပဒေအောက်မှာ ဝင်ရောက်ကြဖို့ ဖိအားအပေးခံလိုက်ရတယ်။ သူတို့ကို တဖြည်းဖြည်းချည်နှောင်လာတဲ့ ကြိုးတွေဟာ သူတို့ရဲ့ အနာဂတ်ဖက်ဒရယ်စံနစ်တည်ဆောက်ရေးအိပ်မက်ကို အကြီးမားဆုံးအန္တရာယ်ဖြစ်လာနေပြီ လို့ သဘောပေါက်လာကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေဟာ မိမိဒေသကို ခုခံဖို့အတွက် လက်နက်ကိုင် တိုက်ပွဲကို ပြန်လည်ဆင်နွဲခဲ့ကြတော့တယ်။ ”

စစ်အစိုးရကလည်း သူတို့ရဲ့ မဟာဗျူဟာကို ပြောင်းလဲပစ်လိုက်ပါတယ်။ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာ စီးပွားရေးကိုင်ခွင့်တွေ ရထားတဲ့ တိုင်းရင်းသားလက်နက်ကိုတပ်တွေကို နယ်စပ်ဒေသဆီ ပြန်လည်မောင်းထုတ်လိုက်ပြီး ပြည်တွင်းစစ်ပွဲကို ပြန်လည်မြှင့်လိုက်ပါတယ်။ နိုင်ငံတကာမှာ အရှက်ရနာမည်ပျက်စေမဲ့ ပြည်တွင်းဖိနှိပ်မှုတွေကို အရှိန်လျော့ပစ်လိုက်ပါတယ်။ နာမည်ကြီး ကျောင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ ကို အကျဉ်းထောင်အသီးသီးက လွှတ်ပေးခဲ့ပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲရေးတွေလုပ်နေကြောင်း နိုင်ငံတကာကို ပြသခဲ့ပါတယ်။

“ စစ်အာဏာသိမ်းအစိုးရတခုရဲ့ အောင်မြင်မှုအရဆုံးကာလကို ပြပါဆိုရင် ဒီကနေ့ကာလကို ပြရလိမ့်မယ်။ လူတချို့က နောက်ကြောင်းပြန်လှည့်သွားနိုင်တယ် လို့ ပြောကြတယ်။ သူတို့လိုချင်တာကို အကုန်ရနေတဲ့အခြေအနေမှာ ဘယ်လိုလုပ် နောက်ကြောင်းပြန်လှည့်နိုင်မှာလဲဗျာ။ သူတို့အလိုချင်ဆုံးဖြစ်တဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ အဓိကအနိုင်ရပါတီတခုဖြစ်တဲ့ NLD ဟာ သူတို့ရဲ့ ၂၀၀၈ အခြေခံဥပဒေကို ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီ။  ပြည်တွင်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကြောင့် နိုင်ငံတကာအလည်မှာလည်း မျက်နှာပွင့်ခဲ့ပြီးပြီ။ ဒါပေမဲ့ ကချင်ဒေသအပါအဝင်၊ နယ်စပ်ဒေသမှာ ပြည်တွင်းစစ်ပွဲတွေတောက်လောင်နေသလို၊ ပြည်ပမှာရောက်နေတဲ့ ဒီမိုကရေစီအင်အားစုတွေအပေါ် ဘာအာမခံချက်မှ မပေးနိုင်သေးဘူး”

သောတရှင်များခင်ဗျား
ဒီမိုကရေစီအရေးတော်ပုံကြီးအရှိန်ကောင်းနေစဉ်က၊ စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးလုပ် စီးပွားရှာခဲ့ကြတဲ့ လက်နက်ကိုင်အုပ်စုတွေအပေါ် “ ငါတို့ရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေအပေါ် ကိုယ်ချင်းမစာနာကြတော့ဘူးလား” လို့ မချင့်မရဲ ဒေါသထွက်ခံစားခဲ့ကြဘူးပါတယ်။ ဒါပေမဲ့ ခုချိန်မှာတော့ ပြည်တွင်းဒီမိုကရေစီလှုပ်ရှားသူတွေအပေါ် အခွင့်အရေးတချို့ပေးပြီး ပြည်ပအင်အားစုတွေကို ချန်လှပ်စည်းတားထားဖို့ကြိုးစားနေတဲ့ အုပ်စုတွေကို ကြည့်ပြီး၊ “ ခင်ဗျားတို့ အကျဉ်းကျနေတုံးက မရပ်မနားအော်ဟစ်လှုပ်ရှားခဲ့ကြတဲ့ ကျနော်တို့တတွေကို ဂုဏ်သိက္ခာရှိရှိပြန်တွေ့နိုင်ဖို့အတွက် မကြိုးစားကြတော့ဘူးလား” ဆိုတဲ့ စိတ်ခံစားမှုတွေကိုလည်း ကြားနေရပါတယ်။
တယောက်ဒဏ်ရာကိုတယောက်ကုစားခဲ့ဘူးကြတဲ့ သြဂတ်လရဲ့ မာကျောမှုကို မှတ်မိသင့်ပါတယ်။ အကုန်လုံးလွတ်ချင်လွတ်၊ မလွတ်ရင်တယောက်မှ မလွတ်ချင်ဘူး” တဲ့။ အရေးတော်ပုံကြီးအတွင်းမှာ သစ္စာဆိုအော်ဟစ်ခဲ့ဘူးတဲ့ ရှစ်လေးလုံးစိတ်ဓါတ်တွေ သောတရှင်တို့ဆီမှာ အမြစ်တွယ်နေဆဲဖြစ်လိမ့်မယ် လို့ ယုံကြည်လိုက်ပါရစေ။

No comments:

Post a Comment