(၇၁)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ အစိုးရအဖွဲ့ထိပ်ပိုင်းခေါင်းဆောင် စုံလင်စွာ တက်ရောက်

19 July 2018
------ ------ ------ ----- -----
(၇၁) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ဇူလိုင် ၁၉ ရက်၊ နံနက် ၈ နာရီမှစတင်ကာ ရန်ကုန်မြို့ အာဇာနည်ဗိမာန်၌ကျင်းပခဲ့ပြီး ယင်းအခမ်းအနားသို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရအဖွဲ့ထိပ်ပိုင်းခေါင်းဆောင်များ စုံလင်စွာတက်ရောက်၍ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အထိမ်းအမှတ် ဂူဗိမာန်၌ လွမ်းသူ့ပန်း...ခြင်းချ ဂါရဝပြုပြီး မေတ္တာပို့သအမျှပေးဝေခဲ့သည်။

ရှေးဦးစွာ ဒုတိယသမ္မတ(၁)ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခွန်တီမြတ်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့က အာဇာနည်ဗိမာန်နားနေဆောင်ခန်းမရှိ အာဇာနည် ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် ဒုတိယသမ္မတ(၁)ဦးမြင့်ဆွေနှင့် အဖွဲ့ဝင်များသည် အာဇာနည်ဗိမာန်ရင်ပြင်တွင် နေရာယူကာ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အထိမ်းအမှတ်ဂူဗိမာန်၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွမ်းသူ့ပန်းခွေကိုချ၍ အလေးပြုခြင်းတို့ ပြုလုပ်ခဲ့ကြပြီး ယင်းအချိန်တွင် ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို တိုင်ဝက်သို့လျှော့ချလွှင့်ထူကာ ဂုဏ်ပြုတပ်ဖွဲ့ဝင်များက သေနတ်မြှောက်အလေးပြုခြင်း၊ စစ်ခရာအဖွဲ့က ကျဆုံးရဲဘော်အလေးပြုခရာမှုတ်ခြင်းများပြုလုပ်ပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအားရည်စူး၍ နှစ်မိနစ်ငြိမ်သက်စွာဖြင့် မေတ္တာပို့သ အမျှပေးဝေခြင်းများပြုလုပ်ကြခဲ့ကြသည်။
ဆက်လက်၍ အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များက အထိမ်းအမှတ်ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ အလေးပြုကြပြီး လက်အုပ်ချီမိုး ရှိခိုးကန်တော့၍ မေတ္တာပို့သ အမျှပေးဝေကြသည်။
လင်းလင်းအောင်
Photo - ရွှေဖီး
https://www.facebook.com/NewsWatchJournal/

No comments:
Post a Comment