ပန်းရဲ့လမ်းမှ တော်လှန်ရေးသမား
ဦးလှဝင်း (လေသူရဲတစ်ဦး)
(၁၀.၇.၂၀၁၈) ရက်နေ့…။
ဒီနေ့ ညနေ (၄) နာရီ (၁၀)မိနစ်မှာ မဇ္ဈိမလှိုင်းတီးဝိုင်းမှ ဘေ့(စ်)ဂစ်တာ သမားကြီးကိုရဲလွင်... ကွယ်လွန် သွားခဲ့ပါတယ်။
သူ ကွယ်လွန်သွားခဲ့ပြီး နာရီပိုင်းအတွင်းမှာပဲ ဒီသတင်းကို ကျွန်တော် ကြားရပါတယ်။
ဘယ်က ကြားခဲ့တာလဲ။ RFA သတင်းဌာနမှပါ။
RFA အသံလွှင့်ဌာနမှ ထုတ်လွှင့်တဲ့ ည (၇) နာရီသတင်းကို ကျွန်တော် ညတိုင်း နားထောင်ပါတယ်။
နားထောင်ခဲ့တာလည်း ကြာပါပြီ။
၁၉၈၈ ခုနှစ် လူထုတော်လှန်ရေးကြီးဖြစ်ပြီးစ အချိန်ကတည်းကလို့ပဲ ဆိုပါတော့…။
စိတ်မကောင်းလိုက်တာ ခင်ဗျား။
ကိုရဲလွင်က သာမာန် ဘေ့(စ်)ဂီတသမား မဟုတ်ပါဘူး။
ဂီတ လောကမှာလည်း သူ့အဆင့်က ပညာရှင်အဆင့်မှာ ရှိနေတဲ့ ပုဂ္ဂိုလ်ပါ။
သူရေးခဲ့တဲ့ သီချင်းတွေလည်း အများကြီးရှိပါတယ်။
သူရေးတဲ့ သီချင်းတိုင်းကို ကျွန်တော် အလွန်ကြိုက်ပါတယ်။
နောက်…သူက တော်လှန်ရေးသမား…။
မြန်မာလူထုရဲ့ ခေတ်အဆက်ဆက် အာဏာရှင်အစိုးရ…အဲ…စစ်ဗိုလ်တွေ ဦးဆောင်တဲ့ အစိုးရကို ဆန့်ကျင် တွန်းလှန်ကြတဲ့ တိုက်ပွဲကြီးတိုင်းမှာ သူဟာ ရှေ့တန်းမှ အမြဲပါဝင်ခဲ့ပါတယ်။
သူကွယ်လွန်ပြီးမှ သူ့အကြောင်းတွေ၊ ရေးဖွဲ့ထားတဲ့စာတွေ… အများကြီးပေါ်ထွက်လာပါတယ်။
အမှန်ကို ဝန်ခံပါမယ်။
ကျွန်တော် ယခု အချိန်အခါမှပဲ သူ့ဘဝ…သူ့အကြောင်းတွေကို ပထမဆုံး ပြည့်ပြည့်စုံစုံ သိခွင့်ရပါတယ်။
ရယ်ရပါတယ်။
ဦးနေဝင်းရဲ့ခေတ် အစပိုင်း…။
အင်းယားကန် ဟိုတယ်မှာ နှစ်သစ်ကို ကြိုဆိုကြတဲ့ ပွဲလို့ထင်ပါတယ်။ ညဘက်ကြီး…အဲ… ညသန်းခေါင် အချိန်လောက်မှာ ဒေါသတကြီးဖြင့် ဦးနေဝင်း ရောက်ချလာပြီး ကနေကြတဲ့ စင်ပေါ်ကိုတက်။ မြင်သမျှ လူတွေကို ဆွဲထိုး…။ တူရိယာ ပစ္စည်းတွေကို ခြေထောက်နှင့်ကန်…။ ဗုံတွေကို ဖောက်ပစ်…။ အဲဒီ အလွန်ပွဲကြမ်းခဲ့တဲ့ ညက လည်း စင်ပေါ်မှာ တီးခတ်နေကြတဲ့ ဂီတသမားတွေ အထဲမှာ ကိုရဲလွင်ပါတယ်တဲ့ ခင်ဗျား။
သူက ထွက်မပြေးဘူးတဲ့…။
စင်ပေါ်မှာ ဂီတာကြီးကိုင်ပြီး ငေးကြည့်နေတယ်တဲ့။
အံ့သြစရာပါပဲ။
ဦးနေဝင်းကလည်း သူ့ကို ဘာမှ မလုပ်သွားဘူးတဲ့။
အဲဒီအချိန်က ကိုရဲလွင်က အလွန်အသက်ငယ်တဲ့ အရွယ် …။
စက်မှုတက္ကသိုလ် (RIT) ကျောင်းသားအရွယ်လောက်ပဲ ဖြစ်နိုင်ပါတယ်။
ကျွန်တော် တင်ပြချင်တာက ကိုရဲလွင်ရဲ့ဘဝက မင်းတို့….. အာဏာရှင်တို့နှင့် ..… ပြဿနာဖြစ်ရမယ့် ဇာတာက အဲဒီအချိန်ကတည်းက စပါလာခဲ့ပုံ ရပါတယ်။
မှန်ပါတယ်။ ဒါကြောင့်လည်း …။
၁၉၈၈ ခုနှစ် လူထုတော်လှန်ရေး…။
၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး။
ဒီတော်လှန်ရေးတွေကြတော့ သူထိပ်ဆုံးမှ ပါဝင်ခဲ့တာပေါ့ခင်ဗျား။
ကိုရဲလွင်ကို ကျွန်တော် ဘာကြောင့် စ စိတ်ဝင်စားခဲ့ရပါသလဲ။
သူရဲ့ထူးခြားတဲ့ ရုပ်သဏ္ဍာန်ကြောင့်လို့ပဲ ကျွန်တော်ထင်ပါတယ်။
မှန်ပါတယ်။
လူက ပိန်ပိန်…ရှည်ရှည်…။
ဆံပင်ကလည်း အရှည်…။
နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေးတွေက အရှည်…။
ကျွန်တော့်ဘ၀တွင် ကျွန်တော် မြင်တွေ့ဖူးတဲ့ ဂီတသမားတွေ အထဲမှာ ကိုရဲလွင် ပုံသဏ္ဍာန်မျိုးက သူ့တစ်ယောက်ပဲ ရှိပါလိမ့်မယ် ထင်ပါတယ်။
မှန်ပါတယ်။
ကျွန်တော် ကြိုက်တဲ့ ဂီတသံစဉ်က အေးအေးငြိမ့်ငြိမ့်ရှိတဲ့ တေးသံ…။ အဲ… (ကမ်းထရီး) ဂီတသံတွေပေါ့ ခင်ဗျား။
ကိုခင်မောင်တိုးရဲ့ သီချင်းတွေ အားလုံးက ကျွန်တော့်ရဲ့ (ဖေးဖရိတ်) အဖြစ်ဆုံး သီချင်းတွေပါ။
(ဗီစီဒီ) ခေတ်က …ကိုခင်မောင်တိုးရဲ့ ထွက်သမျှ (ဗီစီဒီ) အခွေအားလုံးကို ကျွန်တော် ဝယ်ပါတယ်။
အမြဲ နားထောင်ပါတယ်။
ကိုခင်မောင်တိုးကလည်း အံ့စရာ လူတစ်မျိုး…။
သူ့ရဲ့ (ဗီစီဒီ) အခွေတွေမှာ သူ့သီချင်းကို တီးခတ်တဲ့ သူ့ရဲဘော် ဂီတပညာရှင်တွေကိုလည်း အမြဲ နေရာပေးထားပါတယ်။
မြက်ခင်းပြင်ကြီးပေါ်မှာ…မြစ်ကမ်းနဘေးမှာ… လမ်းမပေါ်မှာ…အဲ… စုပြီး တီးခတ်ကြ…ဆိုကြတဲ့ ပုံတွေကို အမြဲ သုံးပါတယ်။
ကိုရဲလွင်ကို အဲဒီ (ဗီစီဒီ) အခွေတွေမှာ ကျွန်တော် စမြင်ဖူးခဲ့ပါတယ်။
“ဟဲ့… ဒီအဘိုးကြီးက ဘယ်သူလဲ”
ဆံပင်က အရှည်…နှုတ်ခမ်းမွှေး…မုတ်ဆိတ်မွှေး… အရှည်ကြီးနှင့်ဆိုတော့ ကိုရဲလွင်ကို … ခင်မောင်တိုး ထက် အများကြီး အသက်ကြီးလိမ့်မယ်လို့ ကျွန်တော် ထင်ခဲ့ပါတယ်။
မမှန်ပါဘူး။
ဒီနေ့ သူကွယ်လွန်ချိန်မှာ သူ့အသက်က (၇ဝ) ပဲ ရှိပါသေးတယ်။
၁၉၄၇ ခုနှစ် ဒီဇင်ဘာလမှာ သူမွေးဖွားခဲ့ပါတယ်။
၁၉၇၄ ခုနှစ် E-machine တီးဝိုင်းမှာ သူဘေ့(စ်)ဂီတာသမားတစ်ဦးအဖြစ် ပါဝင်ခဲ့စဉ်က သူ့အသက်က (၂၇) နှစ်ဘဲ ရှိပါသေးတယ်။
၁၉၈၂ ခုနှစ် မဇ္ဈိမလှိုင်း တေးဂီတအဖွဲ့ကို သူတို့ စတင်ဖွဲ့စည်းချိန်က သူ့အသက်မှာ (၃၅) နှစ်ပဲ ရှိပါသေး တယ်။
သူကွယ်လွန်ချိန်မှပဲ ကျွန်တော်သိခွင့်ရခဲ့ပါတယ်။ သူရေးစပ်ခဲ့တဲ့ သီချင်း စုစုပေါင်းက အပုဒ် နှစ်ရာနီးပါး ရှိတယ်တဲ့။
နောက်… ကျွန်တော် အလွန်ကြိုက်ပြီး မကြာခဏ ငြီးနေမိတဲ့ “ပန်းခရမ်းပြာ” သီချင်းဟာ သူ့သီချင်းတဲ့…။
မှန်ပါတယ်။
ဂီတလောကမှာ သူရဲ့ ထူးထူးခြားခြား စွမ်းဆောင်ခဲ့တာတွေကို ရေးမယ်ဆိုရင် ရေးစရာတွေ အများကြီး ရှိပါတယ်။ မရေးချင်တော့ပါဘူး။
ယခုဆောင်းပါးကို ကျွန်တော် ရေးခဲ့တဲ့ ရည်ရွယ်ချက်က သူ့ရဲ့သံမဏိ နိုင်ငံရေးစိတ်ဓာတ်ကို ဖော်ကျူးချင် လို့ပါ။
သူဟာ လွတ်မြောက်ချင်တဲ့ စိတ်ဓာတ် အပြည့်ရှိတဲ့ ပုဂ္ဂိုလ်…။
သာမာန်ဂီတ ပညာရှင် မဟုတ်ပါဘူး။
နှလုံးရည်ဖြင့် စစ်အာဏာရှင်စနစ်ကို တစ်သက်လုံး တိုက်ပွဲဝင်သွားတဲ့ (Freedom fighter) တစ်ဦးပါ။
ဒလမြို့နယ်မှာ ၂၀၁၁ ခုနှစ်က ဖြစ်ခဲ့တဲ့ ရေအခက်အခဲကို ကူညီဖို့အတွက် “ပန်းရဲ့လမ်း” ဂီတအဖွဲ့ကို စတင်တည်ထောင်ခဲ့ပါတယ်။
ရေဘေးဒုက္ခသည်တွေကို ကူညီဖို့အတွက် မြန်မာနိုင်ငံအနှံ့ကို ဂီတာတီးပြီး… သီချင်းဆိုပြီး အလှူခံ ထွက်ခဲ့ ပါတယ်။
ကိုရဲလွင်ဟာ ကျွန်တော့် နှလုံးသားထဲမှာ သူရဲကောင်းတစ်ဦးဖြစ်ခဲ့တာ အဲဒီအချိန်က စခဲ့တာပါပဲ။
ဒီနေ့ အစိုးရ ဖြစ်နေတဲ့ (NLD) အစိုးရ အပေါ်မှာလည်း ကိုရဲလွင်ရဲ့ ကျေးဇူးတွေ အများကြီး ရှိပါတယ်။
(NLD) ပါတီ အောင်နိုင်ရေးအတွက် သူဂီတာတီးပြီး ပြည်သူတွေ မဲထည့်ပေးချင်အောင် အများကြီး စည်းရုံး ပေးခဲ့ပါတယ်။
ကိုရဲလွင်တို့အဖွဲ့က ငြိမ်းချမ်းရေး ရနိုင်ဖို့အတွက်လည်း သီချင်းတွေ အများကြီး သီဆိုသွားပေးခဲ့ပါတယ်။
ကိုရဲလွင်က သူ့စီးပွား…သူ့ကိုယ်ကျိုးအတွက် ဘာမှ လုပ်သွားခဲ့တာကို ကျွန်တော် မတွေ့ပါဘူး။
ပြည်သူ့အကျိုးအတွက်ပဲ သူလုပ်သွားပါတယ်။
အနုပညာလောကမှာ သူ့လိုလူမျိုး အလွန်ရှားပါတယ်။
ကျွန်တော်တို့ သူ့ကို လွယ်လွယ်ကူကူ မမေ့သင့်ပါဘူး။
ထိုက်ထိုက်တန်တန် ဂုဏ်ပြုသင့်တယ်လို့ ထင်ပါတယ်။
ကျွန်တော့် စာကြည့်ခန်းမှာ ကျွန်တော် အသေအချာသိမ်းဆည်းထားတဲ့ သတင်းစာ (၂) စောင်ရှိပါတယ်။
ပထမသတင်းစာက (၁၀.၁.၂၀၁၈) နေ့ထုတ် The Voice သတင်းစာ။
တွံတေးသိန်းတန် ရုပ်ထု တွံတေးမြို့အဝင်တွင် ထားမည်တဲ့။
ဒါက သတင်းခေါင်းစဉ်ပါ။
ကိုသိန်းတန်ရဲ့ ပုံတူကြေးရုပ်ထုကို တွံတေးမြို့ လူထုက အမှတ်တရ စိုက်ထူကြဖို့ ဘယ်လို ကြိုးစားနေကြ တယ်ဆိုတဲ့ သတင်းပေါ့ခင်ဗျား။
ကိုသိန်းတန်ဟာ ပြည်သူချစ်တဲ့ ဂီတသမားဖြစ်တာကိုတော့ ဘာမှ အငြင်းပွားစရာ မရှိပါဘူး။
ကွယ်လွန်သူ မြန်မာ့အသံ ကျော်ဦးက ကျွန်တော့်ကို ပြောပြဖူးပါတယ်။
“ကိုသိန်းတန် အသုဘကို ကျွန်တော် သွားပို့ခဲ့တယ်။ ကျွန်တော့်ဘဝမှာ ဒီလောက် လူစည်ကားတဲ့ အသုဘကို တခါမှ မမြင်ဖူးဘူး။ ကိုလှဝင်း ယုံနိုင်မှာလား။ ဘယ်လောက်တောင် လူစည်သလဲဆိုရင် အလောင်း ကို မြေချပြီးပြီ။ ရွာတွေ… ရွာတွေက လာခဲ့ကြတဲ့ သူ့ကိုချစ်တဲ့ ပရိသတ်က သင်္ချိုင်းအဝက ဝင်လာနေကြတုန်းဗျာ …” တဲ့။
ဒုတိယသတင်းစာကတော့ (၉.၂.၂၀၁၈) နေ့ထုတ် The Voice…။
ခေါင်းစဉ်က “မင်းသုဝဏ် အမှတ်တရ ရုပ်ထု၊ စာကြည့်တိုက်နှင့် ကဗျာဥယျာဉ် တည်ဆောက်မည်” တဲ့။
ဆရာရဲ့မွေးရပ် ကွမ်းခြံကုန်းမြို့နယ် မြို့ဦးထိပ်မှာ ဆရာရဲ့ ပုံတူရုပ်ထုကို တည်ဆောက်ဖို့ ဘယ်လို စီစဉ် နေကြတယ်ဆိုတဲ့ သတင်း…။
ဆရာမင်းသုဝဏ်ဟာလည်း ဂုဏ်ပြုထိုက်တဲ့ အမျိုးသားစာဆိုကြီး ဖြစ်နေတာကိုလည်း ဘာမှ အငြင်းပွား စရာ မရှိပါဘူး။ အလွန်ဂုဏ်ပြုထိုက်တဲ့ ပုဂ္ဂိုလ်ကြီးပါ။ ဆရာဇော်ဂျီကိုလည်း ဒီအတိုင်းဘဲ ရုပ်ထုပြုလုပ်ပြီး ဂုဏ်ပြု သင့်ပါတယ်။
ဟော… ခုတစ်ယောက် ပေါ်လာပြန်ပြီ။
ကိုရဲလွင်…။ မဇ္ဈိမလှိုင်း ကိုရဲလွင်…။
သူ့ရဲ့ ဂုဏ်ပုဒ်ကတော့ သာမန် ထူးထူးခြားခြားအောင်မြင်တဲ့ ဂီတပညာရှင်အဆင့်သာ မဟုတ်တော့ပါဘူး။
တော်လှန်ရေးသမား… Freedom fighter…။
သူ့ကိုရော ပုံတူကြေးရုပ်ပြုလုပ်ပြီး ဂုဏ်မပြုသင့်ဘူးလားခင်ဗျား။
ဦးလှဝင်း (လေသူရဲတစ်ဦး)
၁၄.၇.၂၀၁၈
https://www.facebook.com/uhlawin.laythuyetaoo?lst=100000678444527%3A100002559573107%3A1532284237

No comments:
Post a Comment