ထူထူထဲထဲ ပြဿနာများနဲ့  ဘ၀ နေပူပူ မှာ .................
လူမှန် နေရာမှန် မရှိတဲ့ ကောက်ကောက်ကွေ့ ကွေ့ လောကထဲ
ဘ၀ အပူဒဏ်နဲ့ လောကဓံတရားက ဖြောင့်ဖြောင့်တန်းတန်း ပူးတွဲ...တိုက်စစ်ဆင်
မသေချာခြင်းများ ရှေ့ မှာ မိုက်မိုက်မဲမဲ တန်းစီ စောင့်စားနေကြ
သန်းခေါင်ထက် နက်တဲ့ ညတွေကို မရချင်ပေမဲ့ ပိုင်ဆိုင်
အမှောင်ကို ဆေးဆိုးရင်း ကံကြမ္မာအား လှုပ်နိုးရဦးမယ်..။

အမှားမပြင်ချင်တဲ့ တလွဲ ဆံပင်ကောင်း နေ့ ရက်များ ရက်စက်
ကားစင်ပေါ်တက်ရသလို အမြဲ အမြင်စောင်းပြီး ခေတ်က ၀မ်းနည်းပက်လက်
ခွဲခွာ နှုတ်ဆက်သွားတဲ့ ပျော်ရွှင်ခြင်းများနဲ့ ရှင်သန်ဆဲ ကြေကွဲမှု အလယ်
အကျည်းတန် ကမ္ဘာမှာ ကာလကြာ အထီးကျန်ဆန်ခဲ့တယ်..။
ပူပင် သောကများ သွေးကြောထဲ စီးဆင်းနေဆဲ မြစ်များ
ယူငင် ပျောက်ရှကာ တွေးချိန်တောင်မရလိုက်တဲ့ တောင်တန်းများ
ခုခံကာကွယ်ဖို့ မေ့လျော့ဆဲ မီးကျိုးမောင်းပျက် သေနတ်တစ်လက်လို
ပတ်ဝန်းကျင်အတုမှာ မနက်ဖြန်တွေ သံချေးတက်နေတယ်....။
မလုံခြုံတဲ့ အပြုံးတုမှာ အဖြေရှာမရ အိမ်မက်များထဲ
မသေယုံတမယ် အရှုံးများ ခေါက်တုန့် ခေါက်ပြန် လမ်းသလား
ပေါ်လာလိုက် ပျောက်သွားလိုက် အမုန်းများ ရေရှည် အားကောင်း
ရင်နာခြင်းကို ခေါက်သိမ်းလို့ အနာဟောင်းအား မေ့ဖျောက်ဖို့ ကြိုးစားနေရတယ်....။
မပြောင်းမလဲ မြောင်းထဲကျခါနီး ပြောင်းလဲခြင်းကို
တစ်ယောက်ထဲ ငြိမ်းချမ်းရေး လမင်းအား ထရံပေါက်က ချောင်းကြည့်ယုံနဲ့ မပြီး
အတိတ် သင်ခန်းစာနဲ့ စိတ် ဒဏ်ရာကို ကုစားရဦးမယ်....။
တီယန်မင်ရင်ပြင်ပေါ်မှာ ရဲရဲတောက် နေ့ ရက်များမွေးဖွား
အမှောင်တွေ ယက်လုပ်ကာရံထားတဲ့ ဘာလင်တံတိုင်းပြိုကျ
အာရပ်နွေဦးဟာ လွတ်လပ်စွာ ယုံကြည်ချက်တူသူများ ရင်ချင်းဆက်
အဖိနှိပ်ခံ ရွှေနိုင်ငံ ဧရာဝတီမှာ မြစ်ဖျားခံခဲ့ အာရုဏ်ဦး ရှစ်လေးလုံး
ကမ္ဘာမြေကို ရှေ့ မှလမ်းပြကာ အလင်းသစ်ဆီ သိမ်းကျုံး ဆွဲခေါ်ခဲ့တယ်..။
ထူထူထဲထဲ ပြဿနာများနဲ့  ဘ၀ နေပူပူ မှာ မွဲမွဲတေတေ မနေချင်တော့လို့ 
အတူတူ လက်တွဲကာ ပြန်လည်သင့်မြတ်ရေး အလံကို လွှင့်ထူချိန်မှာ
ဘယ်သူတွေ အမျှော်အမြင် မနက်နဲကာ ၊ အမှောင်ကြား ထောင်တံခါးတွေ ဖွင့်နေသလဲ...။
အောင်ခိုင်မြင့်
၂၂ ဇူလိုင်လ ၂၀၁၃
နိုင်ငံရေးအကျဉ်းသားများ အားလုံးကို လွှတ်ပေးပါ...

No comments:
Post a Comment